ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရားမ၀င် သွားရောက်သည့် ရွေ့ပြောင်းမြန်မာလုပ်သားများအား ဖမ်းဆီးအရေးယူကာ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းလာရာတွင် ဇန်န၀ါရီလ(၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့များတွင် အမျိုးသား၊ အမျိုးသမီး (၁၈)ဦး ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လဝက နှင့်အဖွဲ့မှ ထိုင်းဘက်တွင် အရေးယူပြီးသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၏ မြန်မာဘက်သို့ လာရောက် လွှဲပြောင်းပေးရာ မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်ပြီး လက်ခံခဲ့ကြသည်။
ထိုင်းဘက်မှ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ လာရောက်၍ လွှဲပြောင်းပေးရာတွင် ဇန်နဝါရီလ(၁၈)ရက်နေ့က အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၇)ဦး၊ ဇန်နဝါရီလ(၁၉)ရက်နေ့က လာရောက် လွှဲပြောင်းရာတွင် မြန်မာနိုင်ငံသား (၅)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း အမျိုးသား၊ အမျိုးသမီး (၁၈)ဦး ပါဝင်သည်။
ထိုင်းနိုင်ငံဘက်မှ တရားမဝင် မြန်မာနိုင်ငံသားများအား ဖမ်းဆီးအရေးယူပြီး တာချီလိတ်ဘက်သို့ ပြန်လည်၍ လွှဲပြောင်းပေးလာရာတွင် ၂၀၁၆ခုနှစ်အတွင်း (၁၆၀၆)ဦးအထိ ရှိကြောင်း သိရသည်။