တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၃)ရှိ ပါပီး(၁)ရွာ လယ်ကွင်း၏ လယ်စောင့်တဲအတွင်း အသက်(၁၉)နှစ်အရွယ် ဂီးဒိုဆိုသည့် လူငယ်တစ်ဦး ဇန်န၀ါရီလ(၄)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က ကြိုးဆွဲချ သေဆုံးသွားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
"အခုသေဆုံးသွားတဲ့ ကောင်လေးက နေစရာမရှိဘူး။ စားစရာ အခက်အခဲဖြစ်တယ်။ နေစရာမရှိတော့ လယ်ကွင်းထဲက တဲတွေမှာ နေတယ်လို့ သိရတယ်။ သူက နေစရာလည်းမရှိတော့ သူ့နာရေးကို ကျွန်တော်တို့ အသင်းကပဲ ကူညီပေးရမှာပဲ။ သူတို့မှာ ဘာမှမရှိဘူးဆိုတော့လေ"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဆေးစစ်မှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း