စပါးပေါ်ချိန်ဖြစ်၍ မော်တော်ဆိုင်ကယ်များ အရောင်းသွက်ကာလဖြစ်သော်လည်း ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းလားဒေသ အနီးတစ်ဝိုက်တွင် UWSA ( ဝ တပ်ဖွဲ့)များ လှုပ်ရှားနေသည့် အခြေအနေများကြောင့် ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် အရောင်းအ၀ယ်မရှိ ဖြစ်နေကြောင်း သိရသည်။
"ခါတိုင်းနှစ် ဒီအချိန်က တောင်ပေါ်မှာ စပါးပေါ်ပြီဖြစ်တဲ့အတွက် ဝယ်လက်ပေါတဲ့ အချိန်ဖြစ်တယ်။ လက်ရှိကတော့ ဝယ်သူလုံးဝမရှိပါဘူး။ ဒီနှစ်အစကတည်းက ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်ပါးနေလို့ ဒီလိုအချိန်မှာ ပြန်ပြီးတော့ အရောင်းအဝယ်ဖြစ်မယ်ထင်ထားတာ။ မိုင်းလားမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီကလူတွေက နည်းနည်း စိုးရိမ်နေတဲ့အတွက် ဝယ်မယ့်သူ မရှိဘူးဖြစ်နေတယ်။"ဟု ကျိုင်းတုံဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ကိုညီက ပြောသည်။
ပြီးခဲ့သည့်နှစ်များက ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် လယ်သမားများ စပါးပေါ်သည့် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလများတွင် အရောင်းအဝယ်များလေ့ရှိကြောင်း သိရသည်။
"လက်ရှိ ဆိုင်ကယ်ဈေးကွက်ထဲမှာ အဝယ်ကလုံးဝမရှိပါဘူး။ ဒီနှစ်အဆိုးဆုံးပေါ့။ ပြီးခဲ့တဲ့နှစ်တုန်းကဆို တစ်ပတ်တစ်ခါလောက် တာချီလိတ်ဆင်းပြီးတော့ ဆိုင်ကယ်သွားယူရတယ်။ ဒီနှစ်အတွင်းမှာတော့ အဝယ်ပါးလို့ သိပ်မသွားရဘူး။ လာမေးရင်လည်း အဟောင်းပဲလာရှာတယ်ဆိုတော့ ဒီမှာရှိတာလေးပဲ ရောင်းရတာပေါ့။ မိုင်းလားက သတင်းတွေကြောင့်လည်း ဝယ်ချင်တဲ့သူတွေကလည်း အခြေအနေကို စောင့်ကြည့်နေတယ်ထင်ပါတယ်။"ဟု ဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ဦးစိုင်းရှဲန်က ပြောသည်။
ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသော ဆိုင်ကယ်ဈေးနှုန်းများမှာ HONDA WAVE (100) ဆိုင်ကယ် လိုင်စင်အပြီးအစီး (၁,ဝ၉၀,ဝဝဝ)ကျပ်၊ (၂၀၁၆)ခုနှစ်ထုတ် HONDA CLICK ဆိုင်ကယ်မှာ လို်င်စင်အပြီးအစီး (၂,ဝ၂၀,ဝဝဝ) ပေါက်ဈေးရှိကြောင်းသိရသည်။
သတင်း - ဇွဲမြတ်