သတင်း ။ ။ ဇင်အောင်
**************
( unicode )
ကျိုင်းတုံ၊ မတ်လ(၃)။ မန်ကျည်းသီးပေါ်သည့် ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျိုင်းတုံမြို့တွင် ပင်မှည့်မန်ကျည်းသီး ဝယ်ယူမှုများရှိသဖြင့် မန်ကျည်းပင်ပိုင်ရှင်များ နှစ်စဉ်ဝင်ငွေရရှိလျှက်ရှိကြောင်း မန်ကျည်းပင်ပိုင်ရှင်များထံမှ သိရသည်။
"နှစ်စဉ် အိမ်ကမန်ကျည်း ချိုပင်ကို အပင်ပြတ်နဲ့လာဝယ်သွားတယ်။ လာဝယ်တဲ့သူကပဲ ကိုယ်တိုင်ခူးဆွတ်ယူသွားတာ။ မန်ကျည်းသီး အချဉ်ကိုတော့ ကိုယ်တိုင် ခူးပြီး အစေ့ထုတ်ထားမှ ဈေးပိုပေးတာ။ မရောင်းပဲထားရင်လည်း အလကားပျက်စီးသွားမယ့် အတူတူ ပေးတဲ့ဈေးနဲ့ပဲ ရောင်းလိုက်ရတယ်ဆိုပေမယ့် ဘာမှ မပင်ပန်းပဲ အလိုလိုငွေဝင်လာလို့ ကျေနပ်ရပါတယ်" ဟု မန်ကျည်းပင်ပိုင်ရှင် ကိုတိုးက ပြောသည်။
ထိုင်းဘက်မှ လာသော မန်ကျည်းချိုများသည် အလုံးလှ ဈေးကောင်းရသော်လည်း ဒေသထွက် မန်ကျည်းချိုများကိုသာ အကြိုက်များပြီး မန်ကျည်း သီးအချဉ်များကို ထိုင်းဘက်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရပြီး ဒေသအတွင်းမှာတော့ အချဉ်ဟင်း ချက်ရာတွင် အဓိက အသုံးပြု၍ ရှမ်းရိုးရာ သင်္ဘောသီးထောင်းဆိုင်များတွင်လည်း အသုံးပြုကြကြောင်း သိရသည်။
"ကျွန်မက အဓိကတော့ ပန်းရောင်းပေမယ့် ခုလို မန်ကျည်းသီးပေါ်တဲ့ အချိန်ရောက်ရင် နှစ်တိုင်းရွာထဲသွားပြီး မန်ကျည်းသီးတွေကို ဖောက်သည် လိုက်ဝယ်ပါတယ်။ အချိုသီးတွေကို အစည်းတွေစည်းပြီး မြို့မဈေးထဲ သွားရောင်းရင် ခဏလေး ကုန်ပါတယ်။ အချဉ်သီးတွေကိုတော့ ကုန်စုံဆိုင်တွေမှာ ပိဿါချိန်နဲ့သွင်းပါတယ်။ မန်ကျည်းပင် တစ်ပင်ကို ပိဿါချိန် (၃၀) လောက်ရတဲ့အတွက် ကျွန်မအတွက်လဲ အမြတ်ကျန်တယ်လေ " ဟု မန်ကျည်းသီးဖောက်သည်
လိုက်ဝယ်သည့် ဒေါ်မီတီးက ပြောသည်။
ထိုင်းဘက်မှ လာသည့် မန်ကျည်းအချိုသီးသည် (၁) ကီလို (၂၀၀၀) ကျပ် ဝန်းကျင်ရှိပြီး ဒေသထွက် မန်ကျည်းအချိုမှာ အနေတော် (၁၀) တောင့်ခန့်ပါ တစ်စည်းကို (၂၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ မန်ကျည်းသီးအချဉ်၏
ဈေးနှူန်းသည် မန်ကျည်းပင်ပိုင်ရှင်ထံမှ ယူဈေး (၁၅၀၀) ကျပ်နှင့် ကုန်စုံဆိုင်များတွင် နှစ်ရာဖိုး သုံးရာဖိုးစသည်ဖြင့် အဆုပ်လိုက် ပြုလုပ်ကာ ရောင်းချလျှက်ရှိကြောင်း သိရသည်။
သတင်း။ ဇင်အောင်