ရန်ကုန်၊ မတ်လ (၂) ရက် ။ ။ ဂျပန်နိုင်ငံသို့ ပညာသင်သွားရန် မိတ္ထီလာနယ်မှ ရန်ကုန်မြို့သို့ လာရောက်သည့် လူငယ်တစ်ဦး ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် တက္ကစီကားမောင်းသူက ဓားထောက်၍ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော် ဂျပန်ကို ပညာသင်သွားဖို့ ရန်ကုန်တက်လာတာ အောင်မင်္ဂလာကားဂိတ်မှာ တက္ကစီကားငှားပြီး မြောက်ဒဂုံကို သွားမလို့ပါ။ ကားပေါ်မှာ လူ(၂)ယောက်ပါလာတာ။ ကားစီးလာတုန်း တစ်နေရာရောက်တော့ တစ်ယောက်က ကားပေါ်ကဆင်းပြီး ကျွန်တော့်ကို ဓားနဲ့ထောက်ပြီး ပိုက်ဆံအိတ် တောင်းသွားတယ်ဗျ။ အရင်အပတ်ကလည်း လူငယ်တစ်ယောက်ကို ဒါမျိုး ဓားပြတိုက်သွားဖူးတယ်လို့ ရဲကပြောတယ်"ဟု လုယက်ခံလိုက်ရသည့် ကိုဖိုးသဲက ပြောသည်။
ဖေဖော်ဝါရီလ (၂၈)ရက်နေ့က အောင်မင်္ဂလာကားဝင်းမှ Pro Box ကားအဖြူရောင်အား ငှားစီးလာစဉ် ယင်းကဲ့သို့ လုယက်ခံလိုက်ရခြင်းဖြစ်ပြီး နံပါတ်မမှတ်မိခြင်းအပြင် ၎င်းအနေဖြင့် ဂျပန်သို့ ပညာသင်သွားရောက်ရမည် ဖြစ်သဖြင့် အမှုရင်ဆိုင်ရန် အခက်အခဲကြောင့် အောင်မင်္ဂလာရဲစခန်းတွင် ယင်းနေ့ကပင် သွားရောက်တိုင်ကြားခဲ့သော်လည်း အမှုမဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မင်္ဂလာရဲစခန်းအား ကာယကံရှင်မှ ဆက်သွယ် အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများမှ အနီးရှိ CCTV မှတ်တမ်းများကြည့်ရှု၍ ရှာဖွေလျှက်ရှိပြီး မသင်္ကာသူများအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇက်