တာချီလိတ်မြို့၌ (၃)နှစ်ကြာ ကာလအတွင်း လူနာရှင် (၁၉,၂၇၅)ကျော်အား အခမဲ့ ကုသပေးလျှက်ရှိသော ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း အတွက် အဆောက်အဦ အသစ် ဆောက်လုပ်မှုတွင် ရာနှုန်းပြည့် ပြီးစီး နေပြီဖြစ်ရာ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ရန် ယနေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။
"ဇီဝက အခမဲ့ဆေးခန်းအတွက် မြေအလှူရှင်ကလည်း မြေကွက်ကို လှူဒါန်းပေးတဲ့အတွက် အဆောက်အဦ ဆောက်တဲ့ နေရာမှာ (၉၀%)ကျော်ပြီးသွားပါပြီ၊ လိုအပ်ချက်တော့ နည်းနည်းရှိသေးတယ်"ဟု ဆေးခန်းတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အခမဲ့ ဆေးပေးခန်းတွင် (၃)နှစ်ကြာ ကာလအတွင်း လူနာပေါင်း(၁၉,၂၇၅)ဦးအား အခမဲ့ကုသပေးခဲ့ပြီး ယခုလက်ရှိတွင် အသေးစား ခွဲစိတ်ခန်းထားရှိရန်နှင့် သားဖွားမီးယပ် အထူးကုမှာ အချိန်ပိုင်း ဆေးကုသပေးရန်အတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားကြောင်းအပြင် သွားနှင့် ခံတွင်းပိုင်း ကုသပေးရန်လည်း စီစဉ်ထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
"အခုလောလောဆယ် ဆေးခန်းမှာ အဆစ်အမြစ် ကိုက် ရောဂါသည်တွေနဲ့ ဖျားနာရောဂါတွေ လာပြတာများပါတယ်၊ နာတာရှည်လို ရောဂါဆို ဆီးချို၊ နှလုံးရောဂါသမားတွေများပါတယ်"ဟု ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ ကိုခိုင်က ပြောသည်။
"ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့မှာ ပြုလုပ်မှာပါ၊ ဖွင့်ပွဲကို မည်သူမဆို လာရောက်နိုင်သလို၊ လာရောက်ပြီးတော့လည်း လှူဒါန်းနိုင်ကြပါတယ်"ဟု ဆိုသည်။
ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း အတွက် အဆောက်အဦ အသစ်အား ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ဖွင့်လှစ်ရန်အတွက် အစည်းအဝေးပြုလုပ်ရာတွင် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ တာဝန်ရှိသူများ၊ ပင်တိုင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ တက်ရောက်ကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ မိသူ