ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ (၁၂) ရက်နေ့က အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပြီး ရိုးရာအကများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့လာသည့် သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားခဲ့ပြီးနောက် ရှမ်းတိုင်းရင်းသားအက၊ အာခါတိုင်းရင်းသားအက၊ လီဆူတိုင်းရင်းသားအက ၊ ပြည်ထောင်စုဖွားတိုင်းရင်းသား စုပေါင်းအက တို့ဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနား၌ တာချီလိတ်မြို့သူ၊ မြို့သားများမှ ရွေးချယ်ချီးမြှင့်သည့် မြို့ဂုဏ်ရည်ဆုကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေအား မြို့ဂုဏ်ရည်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)မှ ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် ပထမဆု၊ ဒုတိယဆု နှင့် အကောင်းဆုံးဆုရ ကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ တက်ရောက်လာသူများအား ဗယ်လင်တိုင်း/နိုင်းနိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင် မိသားစုမှ ကိတ်မုန့် အလုံး (၅၀၀) နှင့် လက်ဘက်ရည် ဒါနပြု တိုက်ကျွေးကြောင်းနှင့် ကျားဖြူပါတီမှ ဒေါ်နန်းငွေမြမှလည်း ကောက်ညှင်းပေါင်းတို့ဖြင့် မနက်စာအဖြစ် ဧည့်ခံကျွေးမွေးကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်/မြို့နယ် အဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ NGO နှင့် လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအ၀င် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။