လပွတ္တာမီးဘေးနှင့် နမ့်ဆန်မီးဘေးတို့အတွက် ကျိုင်းတုံမြို့မဈေးအတွင်း အလှူခံဌာန ဖွင့်လှစ်ထား

လပွတ္တာမီးဘေးနှင့် နမ့်ဆန်မီးဘေးတို့အတွက် ကျိုင်းတုံမြို့မဈေးအတွင်း အလှူခံဌာန ဖွင့်လှစ်ထား
ဖေဖော်ဝါရီ 14, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် သဘာဝဘေးကူညီထောက်ပံ့ရေးကော်မတီက ဦးဆောင်၍ လပွတ္တာမီးဘေးနှင့် နမ့်ဆန်မီးဘေးတို့အတွက် မြို့မဈေးအတွင်း အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေကောက်ခံလျှက်ရှိသည်။

"ဦးလေးတို့ရဲ့ကော်မတီကနေပြီးတော့ ဒီအလှူခံဌာနကို ဖွင့်ထားတာ ဒီနေ့နဲ့ဆို (၃)ရက်ရှိပါပြီ။ ဒီကရလာတဲ့ အလှူငွေတွေကို လပွတ္တာမီးဘေးနဲ့ နမ့်ဆန်မီးဘေးသင့် ဒုက္ခသည်တွေကို လှူဒါန်းသွားမှာပါ"ဟု ကျိုင်းတုံခရိုင် သဘာဝဘေးကူညီထောက်ပံ့ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းတန်က ပြောသည်။

အလှူခံဌာနအား ဖေဖော်ဝါရီလ (၁၂) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ အလှူငွေ ကျပ်(၁၈၂၅၀၀၀)နှင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အလှူငွေ (၁၆၉၀၀၀၀)ကျပ်ရရှိခဲ့ပြီး ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါ အလှူခံဌာနတွင် ခေါင်ဆိုက်လူငယ်အဖွဲ့ကလည်း တေးသံသာများ၊ အကများဖြင့် လာရောက်ကူညီလျှက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၂၀၉) လုံး၊ အိမ်ထောင်စု (၂၉၂) စု၊ လူဦးရေ (၁၂၈၈)ဦး မီးဘေးသင့်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း (၉၈၄၈)ခန့် ဆုံးရှုံးခဲ့ရပြီး ယင်းနေ့တွင်ပင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် မီးလောင်မှုကြောင့် လူနေအိမ် (၁၇၉)လုံးနှင့် ဈေးဆိုင်ခန်းပေါင်း(၂၀) ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း(၇၅၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ ကျပ်သန်း (၃၂၇.၄၂၀) ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ/သတင်း။  ။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~