မြို့လုံးကျွတ်မီးဘေးသင့်ခဲ့သည့် နမ့်ဆန်မီးဘေးအတွက် ဒေသအသီးသီးမှ စေတနာရှင်များ ကူညီရန်ပြင်ဆင်နေ

မြို့လုံးကျွတ်မီးဘေးသင့်ခဲ့သည့် နမ့်ဆန်မီးဘေးအတွက် ဒေသအသီးသီးမှ စေတနာရှင်များ ကူညီရန်ပြင်ဆင်နေ
ဖေဖော်ဝါရီ 4, 2016
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မှ မီးဘေးသင့်အိမ်ထောင်စုများအား ကူညီရန် ဒေသအသီးသီးမှ စေတနာရှင်များ၊ လူမှုကူညီရေးအဖွဲ့များက ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ စေတနာရှင်များကလည်း နမ့်ဆန်မီးဘေးသင့် အိမ်ထောင်စုများအား ကူညီနိုင်ရန် ဖေဖော်ဝါရီလ (၅)ရက်နေ့ နေ့လယ် (၁)နာရီတွင် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်း၌ အရေးပေါ် အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့မှ ပရဟိတလူငယ်အဖွဲ့(၅)ဖွဲ့ဖြစ်သည့် Burma Kingdomအဖွဲ့၊ ပဓါနစရိယအဖွဲ့၊ ပရဟိတအင်ဂျင်နီယာအသင်း၊ မြန်မာအလင်းရောင်မောင်နှမများ၊ မီးအိမ်ရှင်မှ လူငယ်များကလည်း ဖေဖေါ်ဝါရီလ (၅)ရက် ညနေ လေးနာရီတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း Burma Kingdom အဖွဲ့မှ ကိုနေလင်းထံမှ သိရသည်။

“ကျွန်တော်တို့ နမ့်ဆန်မြို့မီးဘေးအတွက် မနက်ဖြန်ညနေ စတင်ထွက်ခွာပြီး အဝတ်အစား၊ စောင်၊ ခြင်ထောင် အိုးခွက်ပန်းကန်များ၊ အလှူငွေများ သွားရောက်လှူဒါန်းမှာဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့မှာ နမ့်ဆန်ကလူတွေ အများကြီးရှိတော့ သူတို့ဆီက သိရသလောက် အိမ်ခြေ (၂၀၀)ကျော်လောက် မီးဘေးသင့်တယ် ကြားထားတယ်။ လက်ရှိတော့ ကျွန်တော်တို့တွေက ကျား (၂၀၀)၊ မ(၂၀၀)၊ ကလေး
(၂၀၀) အတွက် အဝတ်အစား၊ အလှူငွေ (၇)သိန်းနဲ့ စားနပ်ရိက္ခာတွေ ပြင်ဆင်ထားပါတယ်။”ဟု ၎င်းကပြောသည်။

နမ့်ဆန်မြို့တွင် ဖေဖေါ်ဝါရီလ (၄)ရက်နေ့ နေ့လည် (၁)နာရီကျော်က စတင်လောင်ကျွမ်းသည့် မီးလောင်မှုမှာ ည (၁၀)နာရီဝန်းကျင်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းသွားခြင်း ဖြစ်ပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအတွက် ကူညီလိုသူများအနေဖြင့် Burma Kingdom အဖွဲ့မှ ကိုကျော် 09777706199၊ ကိုနေလင်း 09252223061၊ ကိုလင်းနိုင် 09260630120 တို့သို့ ဆက်သွယ် လှုဒါန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net