တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် ဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြုကာ ပုံတူပန်းချီ ရေးဆွဲ

တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် ဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြုကာ ပုံတူပန်းချီ ရေးဆွဲ
ဖေဖော်ဝါရီ 14, 2016
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် သစ္စာပြူတင်းအနုပညာနှင့် လူမှုကွန်ရက်မှ ပန်းချီဆရာများ ဗိုလ်ချုပ်ပုံတူပန်းချီများ ရေးဆွဲဂုဏ်ပြုကြကြောင်း သိရသည်။

"ဗိုလ်ချုပ်(၁၀၁)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဦးတို့ သစ္စာပြူတင်း ပန်းချီပညာရှင်တွေ ရေးတာပါ။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ရက်လေးတွေမှာဆို ခုလိုမျိုး အမှတ်တရပန်းချီတွေ ရေးဖြစ်ကြပါတယ်။ မျိုးဆက်သစ်လေးတွေ သိသွားရင်တော့ ပိုကောင်းတာပေါ့"ဟု သစ္စာပြူတင်းအနုပညာနှင့် လူမှုကွန်ရက်မှ ပန်းချီရေးဆွဲသူဦးမြင့်ဆွေက ပြောသည်။

အဆိုပါ ပန်းချီကားများကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အခမ်းအနားများတွင် အလျဉ်းသင့်သလို ခင်းကျင်းပြသသွားမည်ဟုသိရှိရသည်။

"အဓိက ကတော့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင်ဆိုပြီး အစ်ကိုတို့ အဖွဲ့ထဲက ပန်းချီဆရာတွေ နှစ်ယောက်၊ သုံးယောက်လောက် စုပြီးရေးကြတာ"ဟု ပန်းချီရေးဆွဲသူ ကိုနန္ဒကြယ်စင်က ပြောသည်။

ထို့အပြင် ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ပန်းချီကားများအပြင် စစ်ဘေးရှောင်၊ ရေဘေးသင့် ပန်းချီကားများကိုလည်း ရေးဆွဲကြောင်းသိရသည်။

သစ္စာပြူတင်း အနုပညာနှင့် လူမှုကွန်ရက်အဖွဲ့သည် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံတူကို ကျောက်ပြားပေါ်တွင် ထွင်းထုရေးဆွဲပြီး စိုက်ထူခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း။  ။ မင်းမင်း(တောင်ကြီး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~