ဒေသတွင်း မှုခင်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်ရန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆိုင်ကယ် တက္ကစီမောင်းသူများအား တိုက်တွန်း

ဒေသတွင်း မှုခင်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်ရန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆိုင်ကယ် တက္ကစီမောင်းသူများအား တိုက်တွန်း
ဇန်နဝါရီ 20, 2016
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ဒေသတွင်း မှုခင်းများ ကျဆင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က တာချီလိတ်မြို့မှ ဆိုင်ကယ်တက္ကစီ မောင်းနှင်သူများအား တိုက်တွန်းလိုက်သည်။

"ဒေသတွင်း မှုခင်းကျဆင်းဖို့ဆိုရင် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အခု ဆိုင်ကယ် တက္ကစီ ဆွဲသူတွေက လူတိုင်းနဲ့ ထိတွေ့နေရတယ်ဆိုတော့ သတင်းစုံတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်းက တိုက်တွန်းလိုက်သည်။

ဒေသတွင်း မှုခင်းကျဆင်းရေးနှင့် အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ကလေးသူခိုး ကောလာဟလ သတင်းများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက တာချီလိတ်မြို့မှ ရွှေတာချီ ခရီးသွားလုပ်ငန်း ဆိုင်ကယ် ကယ်ရီမောင်းသူများအား ဇန်န၀ါရီ(၂၀)ရက်နေ့ နေ့လည်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် တွေ့ဆုံကာ ဟောပြောဆွေးနွေးမှုပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ဟောပြောပွဲသို့ ရွှေတာချီ မော်တော်ဆိုင်ကယ်အသင်းမှ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း၌ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အမှုပေါင်း (၇)မှုဖြစ်ပွားခဲ့ပြီး ယခင်နှစ်များမှ နှစ်ကျန် အမှုများနှင့် တရားရုံးသို့ တရားစွဲတင်ပို့သောအမှုမှာ (၂၅)မှုရှိကြောင်း တာချီလိတ်မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~