၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်သို့ အခွန်ငွေပေါင်း ကျပ်သိန်းပေါင်း ရှစ်ထောင့်နှစ်ရာကျော် ပေးဆောင်ခဲ့သည့် ရွှေနန်းစံမိသားစု ခရီးသွားလာရေးကုမ္ပဏီသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် နိုင်ငံတော်အား အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်း ဖြစ်လာကြောင်း သိရသည်။
"ကြိုးကြိုးစားစား အားထုတ်မှုတွေကြောင့် ကုမ္ပဏီလည်း အကျိုးဖြစ်ထွန်းသလို ရလာတဲ့ ရလဒ်အပေါ် ကျသင့်တဲ့ အခွန်တွေကိုလည်း ဆောင်ခဲ့ပါတယ်။ မိမိလုပ်ငန်းက အကျိုးရလဒ်ဟာ မိမိအပေါ်မှာလည်း ဖြစ်ထွန်းသလို နိုင်ငံတော်ကိုလည်း အကျိုးပြုစေချင်လို့ အခွန်ငွေတွေကို စဉ်ဆက်မပြတ် ပေးဆောင်တာ ဖြစ်ပါတယ်..."ဟု ရွှေနန်းစံ မိသားစု ခရီးသွားလာရေး ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းခမ်းက ပြောသည်။
ရွှေနန်းစံမိသားစု ခရီးသွားလာရေးကုမ္ပဏီက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ၀င်ငွေခွန်အဖြစ် ကျပ် (၁၅၀,၄၆၈,၉၇၅)နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်(၆၇၈,၇၃၉,၃၈၈) တို့ကို နိုင်ငံတော်အား အခွန် ပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ နိုင်ငံတော်ကို အခွန်ဆောင်လာစေရန်အတွက် အခွန်အများဆုံး ဆောင်တဲ့သူကို ဆုပေးစနစ်အဖြစ် ကျင့်သုံးပါတယ်။ အခွန်အများဆုံး ဆောင်နိုင်သူကို ဂုဏ်ပြုမှတ်တမ်းလွှာ တွေ အိမ်အရောက် ချီးမြှင့်သလို ပြီးခဲ့တဲ့ လွှတ်လပ်ရေးနေ့ကလို အခမ်းအနားမှာလည်း တခါတည်း ချီးမြှင့်ပါတယ်။ ဒီလို ချီးမြှင့်တာဟာ အခွန်အများဆုံး ဆောင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဂုဏ်ပြုတဲ့ သဘောပါ"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ဆိုသည်။
တာချီလိတ်မြို့တွင် ကျင်းပသည့် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် တာချီလိတ်မြို့နယ် အတွင်း ၂၀၁၄ - ၂၀၁၅ အတွက် ၀င်ငွေအခွန်အများဆုံး နှင့် ကုန်သွယ်ခွန်အများဆုံး ပေးဆောင်နိုင်ဆုံး ဆုနှစ်ခုကို ရွှေနန်းစံမိသားစု ခရီးသွားလာရေးကုမ္ပဏီအား ရှမ်းပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့က ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့သည့် အပြင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှလည်း ထပ်မံ၍ ဂုဏ်ပြုဆုအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
"နိုင်ငံတော်ကို ၀င်ငွေခွန်နဲ့ ကုန်သွယ်ခွန်တွေ နှစ်စဉ် ပေးဆောင်နိုင်ခဲ့တဲ့အတွက် အခွန်အများဆုံး ပေးဆောင်နိုင်တဲ့ ဆုကိုလည်း နှစ်စဉ်ရခဲ့သော်လည်း တစ်ခု အကြံပြုချင်တာက အခွန်အများဆုံး ပေးဆောင်နိုင်တဲ့သူတွေကို နိုင်ငံတကာက အသိအမှတ်ပြုအောင်နဲ့ အခွန်အများဆုံး ပေးဆောင်သူဖြစ်ကြောင်း အမှတ်တံဆိပ်အဖြစ် ချီးမြှင့်နိုင်ရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်"ဟု ရွှေနန်းစံ မိသားစု ခရီးသွားလာရေး ကုမ္ပဏီ ပိုင်ရှင် ဒေါ်နန်းခမ်းက အကြံပြု ပြောဆိုသည်။
အဆိုပါကုမ္ပဏီက ယခင်က အမည်အမျိုးမျိုးဖြင့် လုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ရွှေနန်းစံ မိသားစု ခရီးသွားလာရေး ကုမ္ပဏီ အမည်ဖြင့် ၂၀၀၄ - ၂၀၀၅ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်လိုက်ခြင်းဖြစ်ကြောင်း သိရပြီး သွင်းကုန်လုပ်ငန်းများအဖြစ် စက်သုံးဆီ၊ ဒီဇယ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးတို့ကို တင်သွင်းပြီး ပို့ကုန်အဖြစ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ခေါက်၊ တံမြက်စည်း၊ နှမ်းဖြူနှင့် နှမ်းနက်တို့ကို တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့သည့် လုပ်ငန်းများအပြင် တာချီလိတ်မြို့နယ်အတွင်း ရေသန့်နှင့် ရေခဲများ ထုတ်လုပ် ရောင်းချခြင်းများကို လုပ်ကိုင်နေကြောင်း သိရသည်။