ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေး ဆိုင်းဘုတ်များ စိုက်ထူ

ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေး ဆိုင်းဘုတ်များ စိုက်ထူ
ဇန်နဝါရီ 24, 2016
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူနေကြောင်း သိရသည်။

မော်တော်ဆိုင်ကယ် အသုံးပြုမှုများသည့် ကျိုင်းတုံမြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်း၍ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပွါးမှု မရှိစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ကျိုင်းတုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျောင်းများ၊ ကျေးရွာများ၊ ကားဝန်းများအထိ လုပ်ဆောင်ခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောမှု(၈၉)ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း ကျိုင်းတုံခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ကျိုင်းတုံခရိုင်အတွင်း ၂၀၁၅ ခုနှစ်က ယာဉ်မတော်တဆမှုပေါင်း (၄၂) မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသဖြင့် သေဆုံးသူဦးရေ (၂၉) ဦးရှိခဲ့ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

သတင်း။  ။ ဖူးနှင်းဖြူ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~