ကျိုင်းတုံ လူမှုကူညီရေးအသင်း နှင့် ပြိုင်ပွဲဝင် Miss များမှ လူနာများအား အာဟာရ တိုက်ကျွေး

ကျိုင်းတုံ လူမှုကူညီရေးအသင်း နှင့် ပြိုင်ပွဲဝင် Miss များမှ လူနာများအား အာဟာရ တိုက်ကျွေး
ဇန်နဝါရီ 21, 2016
By Tachileik News Agency

ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် Infusion Pump ( ဆေးအစက်ချ ထိန်းချုပ်စက်) တစ်လုံး လှူဒါန်းခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းတို့ကို အလှူရှင် (၃)ဖွဲ့မှ စုပေါင်းပြီး ဇန်န၀ါရီလ(၂၀)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ အဆိုပါ ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်(၁၀)သိန်း တန်ဖိုးရှိသည့် Infusion Pump ( ဆေးအစက်ချထိန်းချုပ်စက်)တစ်လုံးကို လှူဒါန်းခြင်းနှင့် ကျိုင်းတုံမြို့ လူမှုကူညီရေးအသင်း နှင့် Miss East Shan State တို့ ပူးပေါင်းကာ လူနာများအား အာဟာရများ ကျွေးမွေး ဒါနပြုကြောင်း သိရသည်။

ဆေးရုံအတွက် စက်ပစ္စည်းကိရိယာများကို လှူဒါန်းပေးသည့်အတွက် လူနာများအပေါ် အကျိုးရှိ စေတာကြောင့် အလှူရှင်ဖြစ်သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ကျိုင်းတုံလူမှုကူညီရေးအသင်းနှင့် ပြိုင်ပွဲဝင် Miss အဖွဲ့များမှလည်း ယခုလို လာရောက်ပြီး အာဟာရတိုက်ကျွေးသည့်အတွက် ကျေးဇူးအထူးတင်ပါကြောင်း ကျိုင်းတုံမြို့ ကုတင်၂၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လင်းမှ ကျေးဇူးတင်စကားဆိုသည်။

ကျိုင်းတုံ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်း နှင့် အသင်းသား၊ အသင်းသူများ၊ Miss East Shan State မှ ပြိုင်ပွဲဝင်များမှ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော လူနာများအား အာဟာရများ တိုက်ကျွေးခဲ့ကြသည်။

"လာမဲ့စနေနေ့ နံနက်(၁၀)နာရီမှာ ကျိုင်းတုံလူမှုကူညီရေးအသင်းနဲ့ Miss  East Shan State တို့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားများကို အာဟာရတိုက်ကျွေးဖို့ အစီအစဉ်ရှိပါတယ်၊ အဲ့ဒီမှာ ဓမ္မာရုံလည်းရှိတော့ သံဃာတော်များကို ပင့်ဖိတ်ပြီးတော့လည်း နေ့ဆွမ်းကပ်ပြီး ဘိုးဘွားများနဲ့အတူ တရားနာဖို့လည်း ရှိပါတယ်"ဟု ကျိုင်းတုံလူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်းက ပြောသည်။

ကျိုင်းတုံလူမှုကူညီရေးအသင်း နှင့် Miss East Shan State တို့ ပူးပေါင်းကာ လူမှုအကျိုးပြုအနေဖြင့် အမှိုက်ကောက်ခြင်းနှင့် ဆေးရုံကြီးတွင် လူနာများအား အာဟာရ တိုက်ကျွေးခြင်းများကို ပြုလုပ်ခဲ့ပြီး တတိယအကြိမ်အဖြစ် ဇန်န၀ါရီလ(၂၃)ရက်နေ့ စနေနေ့တွင် ကျိုင်းတုံ ဘိုးဘွားရိပ်သာ၌ ဒါနပြုခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဖူးနှင်းဖြူ
ဓါတ်ပုံ။  ။ ဦးစိုင်းဇော်မင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~