ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဖယောင်းမြို့ရှိ HIB HAO ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ဘတ်(၇၀၀၀၀)ဖိုး တန်ဖိုးရှိသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ဇန်န၀ါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက မြန်မာ - ထိုင်း နယ်ခြားကော်မတီ(TBC)မှ တဆင့် လှူဒါန်းလာကြောင်း သိရသည်။
ထိုင်းနိုင်ငံ HIB HAO ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်နှင့် အလှူရှင်များသည် မြန်မာ - ထိုင်း နယ်ခြားကော်မတီ(TBC)မှ ဦးဘိုလေးထံ ဆက်သွယ်လာပြီး တာချီလိတ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းတာဖြစ်ကြောင်း သိရသည်။
လာရောက်လှူဒါန်းသည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများတွင် လူနာအိပ်ကုတင်(၂)လုံး၊ ၀ှီးချဲ(၂)စီး၊ အောက်စီဂျင်ဗူး (၂)ဗူး၊ မီးသတ်ဆေးဗူး (၄)ဗူး နှင့် လူနာအိပ် မွေ့ယာခေါင်းအုံး (၂)စုံ ပါဝင်ကြောင်း သိရသည်။