ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် တိုးတက်မြင့်မားရေး၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်အဆင့်(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၃၀)ရက်၊ နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အခမ်းအနားအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မိုင်းယောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး၊ ခရိုင်အုပ်ချုပ်ရေး ဦးတင်ဝင်းရွှေ က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်သဘင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ပြိုင်ပွဲဝင်များက“ရွှင်လန်းပါစေ” တေးသီချင်းဖြင့် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်သည်။
ဆက်လက်၍ အခြေခံပညာအဆင့် အကပြိုင်ပွဲအဖြစ် အသက်(၅)နှစ် မှ (၁၀)နှစ် အမျိုးသားပြိုင်ပွဲ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသမီးပြိုင်ပွဲနှင့်အမျိုးသားပြိုင်ပွဲတို့အား ယှဉ်ပြိုင်သည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း
မြို့နယ်များမှ အခြေခံ ပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊
အခြေခံပညာ အဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အခြေခံ ပညာအဆင့် အသက် (၁၅)နှစ်မှ (၂၀)နှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ အဆင့် ပြိုင်ပွဲ ၊ ၀ါသနာရှင်အဆင့် ဒုတိယတန်း(အမျိုးသား) ပြိုင်ပွဲများ၌ ပါဝင်ယှဉ် ပြိုင်ကြပြီး၊ ဆုရရှိသူများအား ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေပိုင်းတွင် အခမ်းအနားဖြင့် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ဇောင်းညီ