မလှိုင်မြို့နယ်၊ ဆည်တိုဘက်မှ တာချီလိတ်ဘက်သို့ ဦးတည်လာသော ခရီးသည်နှင့်ကုန်ပစ္စည်းတင် ကားတစ်စီးသည် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က ကျိုင်းတုံ-မိုင်းဖြတ် အဝေးပြေးလမ်းတစ်နေရာ၌ ရုတ်တရက် ချောင်းထဲသို့ ပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်နှစ်ဦး အပါအ၀င် ၁၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
"ကျွန်တော်တို့ ပန်ကွဲတောင်ပေါ်မှာ ရှိနေတုန်းက အဲ့ဒီကား ဖြတ်သွားတာတွေ့လိုက်တယ်၊ နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်၊ ကျွန်တော်တို့လည်း ပန်ကွဲတောင်က အထွက်မှာ အခုလိုဖြစ်နေတာကို တွေ့ရပါတယ်၊ အခုလိုဖြစ်တာကို တွေ့ရတော့ ကျွန်တော်တို့လည်း ဒဏ်ရာရသူတွေကို ကယ်ဆယ်ပြီး မိုင်းဖြတ်က တာဝန်ရှိသူတွေကို အကြောင်းကြားပေးခဲ့ပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ အသင်းသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ပွဲချင်းပြီး သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးကို ဗိုက်ခွဲကြည့်တဲ့အခါမှာ ကလေးက အကောင်နည်းနည်းကြီးနေပြီ ၅လသား အရွယ်လောက်ရှိလိမ့်မယ်၊ နောက်တစ်ယောက်ကတော့ ၂လသား အရွယ်လောက် ရှိမယ်လို့ထင်တယ်ဗျ"ဟု နာရေးကိစ္စများကို ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးမှ ပြောပြသည်။
ခုလိုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ကားမောင်းသူမှာ ရုတ်တရက် အိပ်ငိုက်သွားကြောင်း တာဝန်ရှိသူ ရဲထံ ထွက်ဆိုသည်ကို ကြားသိရသူမှ ပြန်လည်ပြောပြသည်။
ကားပေါ်တွင် ခရီးသည် ၂၂ ဦးပါဝင်ပြီး အမျိုးသမီး ၆ ဦး ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားအပါအ၀င် ၈ ဦး၊ အမျိုးသား ၃ဦး၊ စုစုပေါင်း ၁၁ ဦးသေဆုံးပြီး ကားမောင်းသူနှင့် စပါယ်ရာမှာ ထိခိုက်ဒဏ်ရာရရှိပြီး ကျန်လူများထဲမှ လက်အရိုးကျိုးဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိကြောင်းအပြင် သေဆုံးသူ ၁၁ ဦးအနက် ၄ဦးမှာ မိသားစုဝင်တွေဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬