ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်၏ အမှတ်(၃၅၄) အမြောက်တပ် လက်နက်ခဲယမ်းတိုက်ကို လက်နက်ကြီးကျကာ အကြီးအကျယ်မီးလောင်နေသည်ဟု သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် တောင်းခမ်းဒေသရှိ အမှတ်(၃၅၄)အမြောက်တပ် လက်နက်ခဲယမ်းတိုက်ကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျကာ ပေါက်ကွဲ၍ အကြီးအကျယ်မီးလောင်နေသည်ဟု သိရသည်။
“လက်နက်တိုက်မို့လို့ အခုလို အကြီးအကျယ် မီးလောင်နေတာ။ အခု ရပ်စောက်ဖက်ကနေလည်း ပြာယာခတ်ပြီး စစ်ကူခဲယမ်းပို့ဖို့ ပြင်နေကြတယ်။”ဟု TNLA ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိ တောင်းခမ်းဒေသတွင် အမှတ် (၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိပြီး အဆိုပါဌာနချုပ်လက်အောက်ခံ အမှတ်(၃၅၄)၊ (၂၀၆)၊ (၄၀၆) အမြောက်တပ်ရင်းများရှိနေကာ TNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်နေသည်။
စစ်ကောင်စီသည် အဆိုပါတပ်ရင်းများ မကျရေး လေကြောင်းမှ လက်နက်ခဲယမ်းထောက်ပံ့သည့်အပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှလည်း ကျောက်ဂူကိုဖြတ်ကာ စစ်ကူပို့သဖြင့် ဓနုအမျိုးသားတော်လှန်ရေးတပ်များနှင့်လည်း တိုက်ပွဲဖြစ်နေသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် နောင်ချို-ပြင်ဦးလွင်မြို့နယ်ကြားရှိ အုမ္မတီးကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲများလည်း ဖြစ်နေသည်ဟု သိရသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် TNLA အကြား ပြေလည်မှုမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် စစ်ကောင်စီသည် TNLA ထိန်းချုပ်ဒေသတချို့ကို ဗုံးကြဲချနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ နမ္မတူ၊ နောင်ချိုနှင့် မိုးမိတ်မြို့နယ်များကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၇)ဦး သေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိထားသည်။
#TachileikNewsAgency
Video : CJ