တာချီလိတ်၌ စမတ်ကတ်(UID)ပြုလုပ်ရာတွင် ပွဲစားဖြင့် ထိုင်းဘတ်ငွေ (၇၀၀)အထိ ပေါက်ဈေးရှိနေ၍ ငွေကြေးပေးရန် မလိုကြောင်း လဝက က အသိပေး ကြေညာထား

တာချီလိတ်၌ စမတ်ကတ်(UID)ပြုလုပ်ရာတွင် ပွဲစားဖြင့် ထိုင်းဘတ်ငွေ (၇၀၀)အထိ ပေါက်ဈေးရှိနေ၍ ငွေကြေးပေးရန် မလိုကြောင်း လဝက က အသိပေး ကြေညာထား
ဧပြီ 28, 2024 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် အမြန်ရချင်သူများအတွက် ထိုင်းဘတ်ငွေ ဘတ်(၇၀၀)အထိ ပေါက်ဈေးရှိနေသည့် စမတ်ကတ်ဟု အလွယ်ခေါ်ကြသည့်   UID နှင့် ပတ်သက်ပြီး ကြားပွဲစားများမှ တစ်ဆင့် မပြုလုပ်ဘဲ ကိုယ်တိုင် လာရောက် လုပ်ဆောင်ရန်နှင့် အခကြေးငွေ ပေးရန်မလိုကြောင်း တာချီလိတ် လဝက က ၂၀၂၄ခုနှစ် ဧပြီလ(၂၆)ရက်နေ့က စပြီး အသိပေး ကြေညာထားကြောင်း သိရသည်။

UID  ပြုလုပ်ရာတွင် ကနဦးအနေဖြင့် လျှောက်လွှာ ( Biometric Enrollment Application From )ကို ကြိုတင်ရယူပြီးနောက် လျှောက်လွှာတွင် ဖြည့်စွက်ကာ ဆက်လက် လုပ်ဆောင်ရခြင်း ဖြစ်၍ လျှောက်လွှာများကို အချိန်မရွေး အလွယ်တကူ ရယူနိုင်ရန် စီမံထားပေးသင့်ကြောင်း အကြံပြုပြောဆိုသည်။ 

"အရင် ဖောင်ယူရတာဆိုတော့ တစ်ရက်ကို အကန့်အသတ်ပဲ ထုတ်ပေးတော့ ဖောင်ကုန်သွားရင် နောက်တစ်ရက်မှ သွားယူရတယ်။ အချိန်ကုန်လည်း သက်သာ၊ လူစုလူဝေး ဖြစ်တာလည်း သက်သာစေအောင် ဖောင်တွေကို မည်သူမဆို အချိန်မရွေး အလွယ်တကူ လာယူလို့ ရနိုင်အောင် စီမံပေးထားရင် ကောင်းမှာပဲ။ "ဟု ဒေသခံ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် စမတ်ကတ်( UID )ပြုလုပ်ပေးနိုင်ရန်အတွက် စက်(၈)လုံး အသုံးပြုထားပြီး စက်(၈)လုံးကို မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အနီးရှိ ခရိုင်လဝကရုံးတွင် စက်(၂)လုံး၊ မြို့နယ်လဝကရုံးတွင်  စက်(၂)လုံး နှင့် တာချီလိတ် လေဆိပ်တွင် စက်(၂)လုံး အပြင်  ဝမ်ကောင်းရပ်ကွက်ရုံးတွင် စက်(၂)လုံးတို့ဖြင့် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း နှင့် ၂၀၂၄ခုနှစ် ဧပြီလ(၂၈)ရက်နေ့အထိ လူဦးရေ (၃၈,၀၀၀)ကျော်ကို ပြုလုပ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

"တော်တော်များများ နားလည်မှု လွဲနေတာက UID ကတ် လုပ်တာကို မေလ(၁)ရက်နေ့ နောက်ဆုံးလို့ ထင်နေကြတယ်။ အဲ့လိုကြောင့် ဒီလထဲမှာာ လူစုလူဝေးက နေစဉ်ကို များနေတာ။ တကယ်က နောက်ဆုံး သတ်မှတ်ရက်မရှိပါဘူး။ အမြဲပြုလုပ်ပေးနေမှာပါ။ မေလ(၁)ရက်နေ့ က စပြီး ခရီးသွားတာတွေ နဲ့ နယ်စပ်ဖြတ်သန်းလက်မှတ်လုပ်ဆောင်တာတွေမှာ UID ကတ် ပါမှ ရမယ်လို့ အသိပေးထားခြင်း ဖြစ်ပါတယ်။ နောက်ပြီး ပွဲစားနဲ့ မလုပ်ဆောင်ကြဘဲ အချိန်နည်းနည်းပေးပြီးတော့ ကိုယ်တိုင် ကိုယ်ကျ လာရောက် လုပ်ဆောင်ကြဖို့လည်း အသိပေးလိုပါတယ်။ "ဟု လဝက အရာရှိတစ်ဦးက Tachileik News Agency သို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

စမတ်ကတ်များကို ပွဲစားဖြင့် လုပ်ဆောင်ခြင်းမှာ ပုံမှန်ထက် မြန်ဆန်မှုရှိ၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုင်းဘတ်ငွေ (၇၀၀)အထိ ပေါက်ဈေးရှိလာသည်ဟု ဆိုသည်။

 

"တချို့က ပွဲစားနဲ့ ငွေပေးပြီး လုပ်တယ်ဆိုတာက လျှောက်လွှာ ရဖို့အတွက် အစောသွားရတာတွေနဲ့ ဖောင်တင်ဖို့ အစောထပြီး တန်းစီရတာတွေ မလုပ်ချင်တော့ ပွဲစားနဲ့ငွေပေးပြီး လုပ်ကြတာရှိတယ်။ နောက်ပြီး ပွဲစားနဲ့ လုပ်တော့ ကြာကြာ စောင့်စရာမလိုတာမျိုးလည်းရှိတော့ ပေးနိုင်သူတွေက ပွဲစားနဲ့ လုပ်ကြတာမျိုးပေါ့။ အစတုန်းက ဘတ်(၂၀၀)၊ ဘတ်(၄၀၀) အဲ့ကနေ ဘတ်(၇၀၀)အထိ တောင် ပေါက်ဈေးရှိလာတယ်။ ပွဲစားနဲ့ လုပ်လုပ် မလုပ်လုပ် မျက်လုံး၊ လက်ဗွေ စကန်ဖတ်တာတွေ ပုံရိုက်ဖို့တွေအတွက်  လူကိုယ်တိုင်သွားရတာက သွားရတာပါပဲ။"ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

 စမတ်ကတ်( UID ) နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့  နယ်စပ် ဝင်ပေါက် ထွက်ပေါက်ကနေ သွားလာမည် ဆိုပါက  စမတ်ကတ်( UID )ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)၊ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(PB)တို့ကို ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းခြင်း အပြင် ပြည်တွင်း ခရီးသွားလာမှုများနှင့် ပတ်သက်၍လည်း လေယာဉ်စီးသည့်အခါ စမတ်ကတ်(UID)ပါရှိရမည်ဖြစ်ကြောင်း နှင့်  နိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်)ပြုလုပ်ရာတွင်လည်း စမတ်ကတ်(UID)လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

    CDM ဝန်ထမ်းများနှင့် ပတ်သက်ပြီး UID စနစ်ကို အသုံးပြုနေသည့် စစ်ကောင်စီက CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်) ပြုလုပ်ခြင်းကို ပိတ်ပင်ထားသလို နယ်စပ်ဖြတ်သန်းလက်မှတ်များဖြစ်သည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)၊ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(PB) ပြုလုပ်ခြင်းကိုပါ ပိတ်ပင်ထားသည်။  

 စမတ်ကတ်ဟု အလွယ်ခေါ်ကြသည့် UID နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း တရားဝင်မှီတင်းနေထိုင်နေသူ အားလုံး၏ ကိုယ်ရေးအချက်အလက်များအား အစိုးရ၏ Database ထဲတွင် ထည့်သိမ်းထားကာ လိုအပ်လျှင် ပြန်ရှာနိုင်ရန် သီးသန့်နံပါတ် သိုမဟုတ် Unique Identification နံပါတ် ထုတ်ပေးခြင်းဖြစ်ပြီး ကတ်တွင်ပါရှိသည့် နံပါတ်ကို ဖြစ်စေ၊ QR Barcode ကိုဖြစ်စေ အသုံးပြုပြီး အချက်အလက်များကို စစ်ဆေး သိရှိနိုင်ကြောင်း သိရသည်။