မင်းတပ်မြို့ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲ

မင်းတပ်မြို့ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲ

ချင်းပြည်နယ်အတွင်း၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ၂၀၀၂၄ ခုနှစ် ဧပြီလ (၂၈)ရက်နေ့၏ နေ့လယ် (၁)နာရီ (၃၃) မိနစ်တွင် လေကြောင်းမှ ထပ်မံ တိုက်ခိုက်ကြောင်း သိရသည်။

ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် ဝမ္မသူးဆေးရုံအပြင် အနီးဝန်းကျင်ကျေးရွာနေအိမ်များကိုပါ ထိခိုက်ပျက်စီးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဧပြီလ (၂၅) ရက်နေ့ ည (၈)နာရီဝန်းကျင်က ဝမ္မသူးဆေးရုံကို လေယာဉ်မှ ပေါင် ၅၀၀ ဗုံးများကြဲ၍ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတက်လူနာ (၄)ဦးနှင့် လူနာစောင့် (၁)ဦးတို့ သေဆုံးခဲ့ရကာ ဒဏ်ရာရသူ (၃၀)ဝန်းကျင် ရှိခဲ့သည်။

လက်ရှိတွင် အဆိုပါဒေသ၌ ဆေးကုသမှုကို ပြန်လည်ပတ်နိုင်ရေး ကြိုးပမ်းနေကြပြီး ပါဝင်ကူညီလိုသူများအနေဖြင့် 09428886829၊ 09400302630 နှင့် 09447072412 တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

 



လူသားအားလုံးသည် ကျန်းမာရေးဆိုင်ရာကုသမှုအထောက်အကူရပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)တွင် သတ်မှတ်ဖေါ်ပြထားပြီး စစ်ပွဲများအတွင်း သို့မဟုတ် ပဋိပက္ခကာလအတွင်း ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်း မလုပ်ဆောင်ရဟု ဂျနီဗာကွန်ဗင်းရှင်းတွင် အတိအလင်းဖေါ်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃)ကြိမ် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်း (၃၄၃)ခုကို ဖျက်ဆီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း (၁၀၄)ဦးကို သတ်ဖြတ်ခဲ့ကြောင်း Insecurity Insight အဖွဲ့၏ အချက်အလက်စုဆောင်းမှုအရ သိရသည်။

 

Photo: Yaw Mang