ပခုက္ကူမြို့နယ်အတွင်း မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပခုက္ကူမြို့နယ်အတွင်း မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ငဖောင်ကန်ကျေးရွာနှင့် ဘုန်းကန်ရွာတို့တွင် စခန်းချနေထိုင်ပြီး မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း ၊ ရိက္ခာများယူခြင်းနှင့် အနီးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်းများပြုလုပ်နေသည့် စစ်ကောင်စီဂိတ်အား ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)အဖွဲ့မှ ဧပြီလ (၂၇) ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

စခန်းချ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီလ (၂၅)ရက်နေ့ မနက် (၈)နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ရာ ဘန်ကာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဧပြီလ (၂၅)ရက်နေ့ မနက် (၁၀)နာရီခန့်မှ စတင်ပြီး ပခုက္ကူမြို့နယ် ဘုန်းကန်ပြည်သူ့စစ်ကျေးရွာအား Drop ဗုံးသီး အလုံးရေ (၃၀)ကျော်ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီဘက်မှ စစ်ကူလာသည့် စစ်ကားတစ်စီးနှင့် ပျူစောထီးကားတစ်စီးအား မိုင်းပွိုင့် (၂၀)ဖြင့် တိုက်ခိုက်ခဲ့ရာ ယူကလစ်စခန်းကုန်းနှင့် ဘုန်းကန်ပျူရွာအနီး မိုင်းထိခဲ့ကာ ယာဉ်ပေါ်တွင်ပါလာသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင် (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ၊ Black Cobra ကမ္မတပ်ပေါင်းစု၊ Kmma Defense Force (KMDF) ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂၊ DMG (ဓားမင်းကြီး)နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency