ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား NUG ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်းထန်စွာရှုတ်ချ

ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား NUG ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်းထန်စွာရှုတ်ချ

ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်သည်။

ဆေးရုံးဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီက ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း(Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သဖြင့် နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃)ကြိမ် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်း (၃၄၃)ခုကို ဖျက်ဆီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း (၁၀၄)ဦးကို သတ်ဖြတ်ခဲ့ကြောင်း Insecurity Insight အဖွဲ့၏ အချက်အလက်စုဆောင်းမှုအရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ ကြံရာပါများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် ဧပြီလ (၂၅)ရက်နေ့ ညပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံအား ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ တိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး အလုံးစုံ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသော အတွင်းလူနာ (၄)ဦးနှင့် လူနာစောင့် (၁)ဦး အပါအဝင် စုစုပေါင်း (၅)ဦး သေဆုံးခဲ့ကာ အခြားလူနာများ၊ မိသားစုဝင်များ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်းသိရသည်။

#TachileikNewsAgency