မင်းပြားမြို့နယ် သာဒါ(မူဆလင်)ကျေးရွာအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်း AA ထုတ်ပြန်

မင်းပြားမြို့နယ် သာဒါ(မူဆလင်)ကျေးရွာအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ သာဒါ(မူဆလင်) ကျေးရွာအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသူ (၂၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၂၉)ဦးတို့၏ စာရင်းများကို ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်လာသည်။

မတ်လ(၁၈)ရက်နေ့၊ နံနက် (၁)နာရီခွဲဝန်းကျင်တွင်  မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်)ကျေးရွာအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား(၂၁)ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး (၃၀)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသော အရပ်သား (၃၀)ဦးအား AA ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးနေရာမှ ၎င်းဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ မတ်လ (၁၉)ရက်နေ့တွင် ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် ဗုံးဆံကြောင့် သေဆုံးသွားသူများမှာ သာဒါ (မူဆလင်)ရွာမှ (၁၀)ဦးဖြစ်ပြီး အခြားသောသူများမှာ သာဒါရွာသို့ စစ်ဘေးလာရှောင်နေကြသော ဆင်ကြီးပြင်(မူဆလင်)ရွာမှ (၁၂)ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သာဒါရွာမှ နေအိမ် (၆)လုံး ပျက်စီးသွားပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ စစ်ဘေးရှောင် နေရာများအပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊ သာသနိကအဆောက်အအုံများ၊ မြို့ရွာများရှိ ဈေးများနှင့် လမ်းတံတားများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ တပ်စခန်းများ၊ လက်နက်ကြီးစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို တစ်ရက်ထက်တစ်ရက် မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမျိုးရေးအမုန်းတရားများကိုအခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့သော လုပ်ရပ်များဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk