ပုဏ္ဏားကျွန်းမြို့နယ် ခမရ(၅၅၀)ကို ရက္ခိုင့်တပ်တော်သိမ်းပိုက်စဉ် ဆင်အင်းကြီးရွာဒေသခံ(၉)ဦး သတ်ခံရမှုတွင် အဓိကတာဝန်ရှိသည့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင် ပျောက်ဆုံးနေ

ပုဏ္ဏားကျွန်းမြို့နယ် ခမရ(၅၅၀)ကို ရက္ခိုင့်တပ်တော်သိမ်းပိုက်စဉ် ဆင်အင်းကြီးရွာဒေသခံ(၉)ဦး သတ်ခံရမှုတွင် အဓိကတာဝန်ရှိသည့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင် ပျောက်ဆုံးနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံ(၉)ဦး သတ်ဖြတ်ခံရမှုတွင် အဓိကတာဝန်ရှိသူဖြစ်သည့် ခမရ(၅၅၀) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင် ပျောက်ဆုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ခမရ(၅၅၀) တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့အထိ (၁၃)ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းယူရရှိခဲ့စဉ် ဗျူဟာမှူး မျိုးမင်းကိုကို၊ ခလရ (၂၀၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀)မှ ဗိုလ်မှူးစောထွေးအပါအဝင် စစ်ကောင်စီတပ်သားများကို အသေဖမ်းဆီးရမိခဲ့ပြီး တပ်ရင်းမှူးကျော်လင်းမောင်မှာ ပျောက်ဆုံးနေခြင်းဖြစ်သည်။

“သူ့သတင်းကို ကျွန်တော်တို့မရတော့ဘူး။ ၂၀၂၃ခုနှစ်အထိ တပ်ရင်းမှူးကျော်လင်းမောင်က ၅၅၀ တပ်ရင်းမှာ တာဝန်ကျနေတာ။ ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တော့ သူပျောက်နေတယ်။ ထွက်ပြေးတာလား၊ သေတဲ့အထဲမှာပါပြီး အတည်မပြုနိုင်တော့တာလားဆိုတာ AA ဘက်ကလည်း သတင်းမထုတ်ပြန်တော့ သူ့အကြောင်း မသိရတော့ဘူး။”ဟု ပုဏ္ဏားကျွန်းမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်၏ ယာဉ်တန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ဆင်းအင်းကြီးရွာအနီးတွင် တိုက်ခိုက်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀)တပ်ရင်း မှ စစ်ကောင်စီစစ်ကြောင်းသည် ဆင်အင်းကြီးကျေးရွာသို့ဝင်ရောက်ပြီး ဒေသခံ(၉)ဦးကို သတ်ဖြတ်ခဲ့ကာ နေအိမ် (၉)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသည့် ဒေသခံများမှာ ဦးမောင်မောင်သိန်း(၄၁)နှစ်၊ ဦးမောင်စံလှ (၃၈)နှစ်၊ ဦးခင်မောင် (၅၅)နှစ်၊ ဦးဦးကျော်ဇံ (၆၅)နှစ်၊ ဦးမောင်ကျော်သိန်း( ၆၅)နှစ်၊ ဒေါ်မေနု(၅၀)နှစ်၊ ဒေါ်မကြီး(၉၀)နှစ်၊ ဦးမှဲ့နီ (၅၆)နှစ်နှင့် ဦးကျော်နိုင် (၅၄)နှစ်တို့ဖြစ်ပြီး သေဆုံးရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာနှင့် ဓားဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

၎င်းဖြစ်စဉ်တွင် သေဆုံးသွားပြီဖြစ်သည့် ခမရ(၅၅၀)မှ ဗိုလ်မှူးစောထွေးကိုလည်း တာဝန်ရှိသူအဖြစ် ဒေသခံများက သတ်မှတ်ခဲ့ကြသည်။

ခမရ(၅၅၀)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင် ပျောက်ဆုံးနေမှုကို ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ Tachileik News Agencyက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ပျောက်ဆုံးနေသည့် ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်ကို အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ကလည်း အလိုရှိနေပြီး ခမရ(၅၅၀)တပ်ရင်းနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကမူ ထွက်ပြေးလွတ်မြောက်သွားသည်ဟု Tachileik News Agency ကို ပြောဆိုသည်။

ရက္ခိုင့်တပ်တော်က ခမရ(၅၅၀)ကို ဝင်ရောက်တိုက်ခိုက်စဉ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်သည် ရခိုင်ပြည်နယ်တစ်နေရာသို့ စစ်ကြောင်းထွက်နေချိန်ဖြစ်သဖြင့် လွတ်မြောက်သွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။ 

၎င်းစစ်ကြောင်းထွက်နေသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူမြို့များထဲမှ တစ်မြို့ ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

ပျောက်ဆုံးနေသည့် ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်သည် ၂၀၂၃ခုနှစ်အတွင်း ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများ မစတင်မီကာလတွင် ပုဏ္ဏားကျွန်းမြို့ရှိ သက်ကြီးပူဇော်ကန်တော့ပွဲသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီတပ်ဝါဒဖြန့် ဌာနများက ရေးသားဖော်ပြခဲ့ကြသော်လည်း ရက္ခိုင့်တပ်တော်(AA)က ခမရ(၅၅၀)တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ကလည်း ၎င်းအသက်ရှင်လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း၊ ရေးသားခြင်းများ မရှိတော့ပေ။

ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်၏ ဇနီးမှာ ဒေါ်သူဇာလှိုင်ဖြစ်ပြီး ၎င်းနှင့်အမည်တူသူ တစ်ဦးမှာ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ရှိ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်လင်းမောင်ဖြစ်ကာ ဇနီးဖြစ်သူမှာ ဒေါ်မိမိညိုမီထွေးဖြစ်သည်။

မိုင်းဖြတ်မြို့ရှိ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်လင်းမောင်မှာ စစ်ကောင်စီသတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ ၂၀၂၃ခုနှစ် မတ်လ(၂)ရက်နေ့တွင် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ်ရာထူးဖြင့် အစည်းအဝေးတက်ရောက်နေသူဖြစ်သဖြင့် ခမရ(၅၅၀)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင် မဟုတ်ဟုလည်း သိရသည်။

#TachileikNewsAgency