ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပြီဟု MNDAA ကြေညာ

ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပြီဟု MNDAA ကြေညာ
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း MNDAAက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၇၁)ရက်နေ့မြောက်တွင် လောက်ကိုင် ဒကစ အပါအဝင် ကိုးကန့်နန်ထင်မိန်တောင်စခန်းကုန်းမှ စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံလာပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးကို MNDAAမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

လက်နက်ချအညံ့ခံသည့်အထဲတွင် ဗိုလ်မှူးချုပ်အဆင့် (၆)ဦးပါဝင်ပြီး တပ်သား(၂၁၀၀)ကျော်နှင့် တပ်မိသားစုဝင် (၁၆၀၀)ကျော် ပါဝင်သည်ဟု သိရသည်။

MNDAAသည် ကိုးကန့်လောက်ကိုင်မြို့တွင်းသို့ ဝင်ရောက်စစ်ဆင်ရေးလုပ်ဆောင်ချိန်တွင် ဒကစရှိ တပ်ဖွဲ့ဝင်များသည် MNDAAနှင့် တပ်စခန်းပြောင်းရွှေ့ရေး ကိစ္စကို စတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး နောက်ဆုံးတွင် ဘုံသဘောတူညီချက် ရရှိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၄)ရက်နေ့တွင် လက်နက်ချ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များသည် MNDAAမှ အပြန်ခရီးစဉ် စတင်စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၅)ရက်နေ့တွင် ကိုးကန့် နန်ထင်မိန်တောင်စခန်းကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃၀၀)ကျော်သည်လည်း MNDAAထံ လက်နက်ချ အညံ့ခံကာ သက်ဆိုင်ရာလုပ်ငန်းများ ပြီးစီးအောင်စီစဥ်ပေးခဲ့သည်ဟု သိရသည်။

(၁၄)နှစ်တာ ကြာရှည်ခဲ့သော တော်လှန်ရေးလမ်းစဉ်တွင် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရသော်လည်း နောက်ဆုံးတွင် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: The Kokang