ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်ပြီဟု NUG ထုတ်ပြန်

ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်ပြီဟု NUG ထုတ်ပြန်
နိုဝင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

အဆိုပါတပ်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တမူးခရိုင် တပ်ရင်း(၂)၊ စစ်ဒေသ အထူး တပ်ရင်း (၂)၊ အမှတ်(၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF၊ TDA၊ RCDFနှင့် KNA-Burmaတို့က ပူးပေါင်းသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။  

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကို နိုဝင်ဘာလ (၃)ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်ကာ အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အမှတ် (၁)စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDFတပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်ဟု သိရသည်။

မဟာမိတ်တပ်များက ၎င်းစခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအတွင်းသို့ နံနက်(၃)နာရီဝန်းကျင်တွင် ထွက်ပြေးသွားကြကြောင်း သိရသည်။ 

“ရဲစခန်းနဲ့ ဆေးရုံဝန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သိမ်းနိုင်ခဲ့တာ။ ဒီနေ့မှာ ခါမ်းပါတ်တပ်စခန်းကို သိမ်းလိုက်နိုင်တယ်။ စစ်ကောင်စီတပ်သားသေဆုံးမှုကတော့ အတိတကျမသိရသေးဘူး။ စစ်ကောင်စီတပ်သားတွေကတော့ အိန္ဒိယဘက်ကို ထွက်ပြေးသွားတယ်။ လေကြောင်းကတော့ အခုချိန်ထိငြိမ်နေတယ်။ တစ်နေ့ကတော့ (၃)ခါလောက် ပစ်သွားတယ်။ ဒေသခံတွေကတော့ နီးစပ်ရာလုံခြုံတဲ့နေရာကို ရှောင်နေကြတုန်းဗျ။ တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်လိုက်တာ။ အခုကတော့ ရှင်းလင်းရေးလုပ်နေတာ။ ခဲယမ်းကတော့ တော်တော်လေးရ လိုက်တယ်။ ဒီစခန်းက ခမ်းပါတ်မြို့ရဲ့ စစ်ကောင်စီတပ် နောက်ဆုံးစခန်းပါ။”ဟု တမူးခရိုင် PDFတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့ပြီးနောက် ဒုတိယမြောက် သိမ်းဆည်းရရှိခဲ့သည့် မြို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence - National Unity Government of Myanmar