ဝင်းရေးမြို့တွင် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

ဝင်းရေးမြို့တွင် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ
စက်တင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့တို့ကို KNLA ပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသော ကျိုက်ထို တပ်မ(၄၄) လက်အောက်ခံ ခလရ(၂)၊ အဘစ်ကျေးရွာ အခြေစိုက် အမတ (၃၁၈)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ BGF တပ်ရင်း(၁၀၂၁)နှင့် BGF တပ်နယ်(၃)တို့မှ အင်အား (၁၀၀)ခန့်ပါဝင်သော တပ်ဖွဲ့များကို KNLA တပ်ရင်း (၁၆)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတဝိုက်သို့ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။ 

ထို့အပြင် အဘစ်ရွာအခြောက်စိုက် အမြှောက်တပ်မှ (၁၂၂)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့်လည်း ဒေသခံများ၏ နေအိမ်များ ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ် BGFတပ်နယ် (၃)မှလည်း အင်အား (၁၀၀)ခန့်ဖြင့် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ထပ်မံအင်အားဖြည့်တင်းလာရာ တော်လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံ(၁၅,၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ရိက္ခာများ၊ ကျန်းမာရေးဆိုင်ရာအတွက် ဆေးဝါးများနှင့် ကုသမှုများ အရေးပေါ် လိုအပ်နေကြောင်း KNU ဒူးပလာယာခရိုင်က ယနေ့ စက်တင်ဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency