ကနီမြို့နယ်အတွင်း ပေါက်အင်းမြိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က  ရဟတ်ယာဉ်နှင့်လာပစ်၍  နေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးသွား

ကနီမြို့နယ်အတွင်း ပေါက်အင်းမြိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က  ရဟတ်ယာဉ်နှင့်လာပစ်၍  နေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးသွား

 စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အင်းမော်ဒေသ၊ ပေါက်အင်းမြိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဈေးဆိုင်နှင့် နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။

"Mi35 နဲ့တစ်ကြိမ်လာ ပစ်သွားတာပါဗျ။ အဲဒီမှာ ဘာတိုက်ပွဲမှလည်း မရှိဘူး။ ဘာမှမလုပ်တဲ့နေရာကို ပစ်သွားတာပါ။ ဒေသခံတွေတော့ အထိအခိုက်မရှိဘူး။ တိမ်းရှောင်နေရတယ်။"ဟု ကျောက်လုံး ကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို နေ့လည်(၁)နာရီကျော်တွင် ပြောသည်။

ယင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က  ၂၀၂၃ခုနှစ် မေလ( ၃၁ ) ရက်နေ့၏ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင်  လာရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်သည့် ကျည်များလမ်းပေါ်သို့ ကျရောက်ခြင်း၊ တောတွင်းသို့ ပစ်ခတ်ခြင်းများ ပြုလုပ်သွား၍ ဒေသခံများမှာ   ထွက်ပြေးခဲ့ကြရပြီး နောက်တစ်ကြိမ်လာရောက်ပစ်ခတ်မည်ကို စိုးရိမ်သဖြင့် မပြန်ရဲကြသေးဟု သိရသည်။

မေလ(၂၉)ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်ပိုင်ရွာအနီး၌ မိုခါမုန်းတိုင်းကြောင့် မိုးရွာပြီး ချောင်းရေတိုက်စားခြင်းကြောင့် ပျက်စီးနေသည့်လမ်းကို ပြုပြင်နေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ( ၂ )ကြိမ် ဗုံးကြဲတိုက်ခိုက်သဖြင့် လမ်းနှင့် ကားတစ်စီးပျက်စီးပြီး လမ်းပြုပြင်နေသူများ ထွက်ပြေးကြရသည်။