ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်း(၂)ကြောင်း အကြမ်းဖက် ထိုးစစ် ဆင်နေမှုကြောင့် ဒေသခံ (၇၀၀၀)ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရ

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်း(၂)ကြောင်း အကြမ်းဖက် ထိုးစစ် ဆင်နေမှုကြောင့် ဒေသခံ (၇၀၀၀)ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်း (၂) ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ကဘွက်ရွာနှင့် ကုတ္တက်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အင်အား(၂၀၀)ဝန်းကျင်ဖြင့် ၂၀၂၃ခုနှစ်၊ မေလ(၈)ရက်နေ့၏ နံနက်ပိုင်းက ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင့် ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်း (၂)ကြောင်းသည် ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာသစ်ကုန်းပျူများ နှင့် ရေဦးမှ မေလ (၇)ရက်နေ့၏ ညကပင် အင်အား (၇၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ မေလ (၈)ရက်နေ့  နံနက်ပိုင်းတွင်  မြကန်ကျေးရွာမှတစ်ဆင့် အောင်သာရွာ၊ ကုန်းသာရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်၏ အရှေ့ခြမ်း နှင့် အနောက်ခြမ်း၌ စစ်ရှောင်အားလုံး (၇၀၀၀)ဝန်းကျင် ရှိနေ‌ပြီဖြစ်ကာ အကူအညီများလိုအပ်နေကြောင်း  ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

မေလ (၆)ရက်နေ့ကလည်း မန္တလေးမှဆင်းလာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ၊ ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်၍ ရွှေကျင်ကျေးရွာနှင့် အင်းဇောက်ကြီးကျေးရွာ (၂)ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ(၇)ရက်နေ့တွင် ဧရာဝတီမြစ်အရှေ့ဘက်မှ အနောက်ဘက်သို့မြစ်ကူး၍ ခင်ဦးနယ်ဘက်သို့ အင်အား(၂၀၀)ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ပြီး ကဘွက်ရွာ၊ ကုတ်တက်ရွာတို့ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်၍ နေအိမ်များအား မီးရှို့သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ကာ ရဲဘော်(၁)ဦးကျဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။