ကျောက်မဲမြို့ အမှတ် ( ၂ )ရပ်ကွက်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲတွင် မတ်တပ်ရပ်လျက်အနေအထားဖြင့် သေဆုံးနေ

ကယ်ဆယ်ရေးအဖွဲ့များက ရေတွင်းထဲမှ ဆယ်ယူနေစဉ်
ကယ်ဆယ်ရေးအဖွဲ့များက ရေတွင်းထဲမှ ဆယ်ယူနေစဉ်
ကျောက်မဲမြို့ အမှတ် ( ၂ )ရပ်ကွက်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲတွင် မတ်တပ်ရပ်လျက်အနေအထားဖြင့် သေဆုံးနေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် ( ၂ )ရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်းမှ ရေတွင်းထဲတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး မတ်တပ်ရပ်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် အိမ်ရှင်က ရဲကိုအကြောင်းကြားထားကြောင်း သိရသည်။

သေသူက အသက် (၅၀) လောက်ပေါ့၊ အရင်က ဆိုင်ကယ်ပွဲစား လုပ်ဖူးတယ်။ နားပြတ်စိုးပိုင်လို့ ခေါ်ကြတယ်။ မနေ့ညက (၈) နာရီကျော်လောက်မှာ ဆန်ချိုဆိုင်က လင်မယားကို သူက တံခါးဖွင့်ခိုင်းသေးတယ်တဲ့။ အနောက်ထဲ သွားမလို့ လို့ပြောတာ။ ဟိုက တံခါးမဖွင့်ပေးလိုက်ဘူးတဲ့။ ဘယ်ချိန်က ကျော်ဝင်သွားတယ်မသိ မနက်ကျ ဆိုင်နောက်က ရေတွင်းထဲမှာ ရေထဲသေနေတာတွေ့တာပဲ။ ရေကသူ့အရပ်နဲ့ ခေါင်းမြုပ်ရုံပဲရှိတာ။ မတ်တပ်ကြီး သေနေတာ

ဟု မြင်တွေ့ခဲ့ရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲမြို့ အမှတ် ( ၂ )ရပ်ကွက်၊ နယ်မြေ( ၁၆ ) အစွန်တွင်ရှိကာ  မြို့လယ်ညောင်ပင် (ဆိုင်ကယ်ပွဲစားတန်းနှင့် ကျူခုံ)အနီးရှိ ခြံဝန်းတစ်ခုအတွင်းရှိ အဆိုပါ ရေတွင်းမှာ ဆန်ချိုဆိုင်၏အနောက်ဘက် အုတ်တံတိုင်းခတ်ထားသည့် ခြံဝန်းအတွင်းရှိပြီး ရေတွင်းထဲကျသည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

အလောင်းအား မီးသတ်ဌာနက လာရောက်ဆယ်ယူပြီး  Five Star လူမှုကူညီရေးအသင်းက ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ပေးထားကြောင်း သိရသည်။