မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို COVID 19 ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုမှလွဲ၍ ကျန်ကုန်စည်အားလုံး ကုန်သွယ်ခွင့် ပိတ်

မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို COVID 19 ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုမှလွဲ၍ ကျန်ကုန်စည်အားလုံး ကုန်သွယ်ခွင့် ပိတ်
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို COVID 19 ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုမှလွဲ၍ ကျန်ကုန်စည်အားလုံးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့မှစ၍ ကုန်သွယ်မှုပိတ်လိုက်ပြီဖြစ်သည်။

မူဆယ်မြို့ဘက်ရှိ တရုတ်−မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်သည့် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ကြူကုတ် (ပန်ဆိုင်း) ဝန်တိန်ပေါက်၊ ကျင်စန်းကျော့ဂိတ်များအပြင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်ဂိတ်အားလုံးကို ပိတ်လိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ  COVID 19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဂိတ်များပိတ်လိုက်စဉ် တရုတ်နိုင်ငံ ကျယ်ခေါင်ဘက်၌ မြန်မာဘက်တင်ပို့ရန် ကုန်တင်ပြီးကားများ၊ တင်ပို့ရန် ဂိုဒေါင်၊ ကုန်ဂိတ်များတွင်ကျန်ရှိနေသည့် ကုန်စည်များကို တင်ပို့ခွင့်ရရန် မြန်မာဘက်က ညှိနှိုင်းထားကြောင်းလည်း သိရသည်။

နယ်စပ်ဂိတ်များပိတ်ထားစဉ်အတွင်း နှစ်နိုင်ငံလူအဝင်အထွက်ကိုလည်း ကန့်သတ်ထားပြီး နှစ်နိုင်ငံလူလွှဲပြောင်းပေးခြင်းများကို မူဆယ်မြို့ရှိ နန်းတော်ဂိတ်မှ လွှဲပြောင်းမည်ဟု သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ နယ်စပ်ကုန်သွယ်လမ်းကြောင်းများတွင် ကုန်သွယ်ပမာဏအများဆုံးလမ်းကြောင်းတစ်ခုဖြစ်သည်။