တာချီလိတ်မှ ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေကြချိန် ဆေးရုံရက်ချိန်း လူနာ ၊ချို့တဲ့လူနာ၊ ကလေးလူနာများ အခမဲ့စမ်းသပ်ကုသမှုခံယူနိုင်ရန် အခြားနေရာများတွင် စီစဉ်ပေးထား

တာချီလိတ်မှ ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေကြချိန် ဆေးရုံရက်ချိန်း လူနာ ၊ချို့တဲ့လူနာ၊ ကလေးလူနာများ အခမဲ့စမ်းသပ်ကုသမှုခံယူနိုင်ရန် အခြားနေရာများတွင် စီစဉ်ပေးထား
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မှ ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ CDM လုပ်နေကြချိန်တွင် ဆေးရုံရက်ချိန်း လူနာများ၊ ချို့တဲ့လူနာများအနေဖြင့် တာချီလိတ် GP ဆရာဝန်များအဖွဲ့ဆေးခန်းများနှင့် ကလေးလူနာများအနေဖြင့် ကလေးအထူးကုဆရာဝန်၏ဆေးခန်းတွင် အခမဲ့ ပြသနိုင်ကြမည်ဖြစ်သည်။

လူနာများအနေဖြင့် ပါလျံမီးပွိုင့်လမ်းဆုံရှိ ရွှေကြယ်စင်ဆေးခန်း၊ ပါလျံ(၁) ရပ်ကွက်မှ ထူးဆေးခန်း၊ မိုင်းဖုန်းလမ်းဆုံ မယ်ယန်းရွာရှိ အောင်ဆန်းဆေးခန်း၊ မိုင်းကိုးအုပ်စု ရန်ကုန်ရွာရှိ သက်ဆန်းရေဆေးခန်း၊ ပုန်းထွန်ရပ်ကွက်ရှိ မြတ်တော်ဝင် ဆေးခန်း၊ မယ်ခေါင်ရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့ရုံးဘေးရှိ ထွန်းဆေးခန်းတို့တွင် ပြသနိုင်ကြမည်ဖြစ်သည်။

လူနာများအနေဖြင့် စမ်းသပ်ကုသစရိတ်ပေးရန်မလိုဘဲ ဆေးဝယ်ယူရန်လိုအပ်ပါကလည်း မိမိတို့ ကြိုက်နှစ်သက်ရာဆေးဆိုင်မှ ဝယ်ယူနိုင်ကြမည်ဖြစ်သည်။

ယင်းအပြင် ဆေးရုံတက်ရန် မလိုသည့် ကလေးလူနာများကို တော်ဝင်ရတနာကလေးအထူးကုဆေးခန်းတွင် နေ့စဉ် နံနက်(၈)နာရီမှ (၁၁)နာရီအထိကို နေ့စဉ်ပြသနိုင်ပြီး စမ်းသပ်ခ၊ ဆေးခန်းဝန်ဆောင်ခ၊ စာအုပ်ဖိုး၊ ဆေးဖိုးအခမဲ့ဖြင့် ကုသပေးမည့်အပြင် ဆေးရုံတက်ရန်လိုအပ်ပါကလည်း စမ်းသပ်ကုသစရိတ်ကို ကလေးအထူးကုဆရာဝန်က အခမဲ့ကုသပေးမည်ဖြစ်ပြီး ကုသစရိတ်မတတ်နိုင်ပါက သက်ဆိုင်ရာဆေးရုံများသို့ ဆေးကုသစရိတ်သက်သာစေရန် ဆရာဝန်အနေဖြင့် လိုက်လံကူညီပေးမည်ဟု ကြေညာထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများအနေဖြင့် အရေးပေါ်ကုသမှုအတွက် အကူအညီလိုပါက ဖုန်း 09458033310 နှင့် 0990563078 တို့ကို ဆက်သွယ်၍ အရေးပေါ်ကုသမှု ခံယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency