တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းကနေ ဖမ်းခံထားရသည့် မြန်မာလူငယ်(၅၄၀)ကို ပြန်မလွတ်သေး

တာချီလိတ်မြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းများနဲ့ အွန်လိုင်းလောင်းစားလုပ်ငန်းများထဲက တစ်နေရာတည်းကိုသာ ရွေးချယ်ဖမ်းဆီးနေတဲ့ စစ်တပ်က ဖမ်းဆီးရမိထားတဲ့ ထိုင်း၊ တရုတ် နဲ့ မြန်မာ စုစုပေါင်း ((၆၈၉)ဦးထဲက မြန်မာနိုင်ငံသား (၅၄၀)ဦးကို "ဝ"အဆောက်အဦးလို့ ခေါ်တဲ့ ရောင်နီဦးအနောက်ဘက်က နေရာမှာ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ဖမ်းထားတာကို တွေ့ရပါတယ်။

အွန်လိုင်းလောင်းကစားလုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးစဉ်က မြန်မာတွေကို မဖမ်းဘူး နိုင်ငံခြားသားတွေကိုသာ ဖမ်းမယ်လို့ ပြောပေမဲ့ လက်ရှိမှာတော့ (၂၄)နာရီကျော်လာတဲ့အထိ မြန်မာနိုင်ငံသား လူငယ် (၅၄၀)ဦးကို ပြန်လွတ်မပေးသေးတာကြောင့် လူငယ်တွေရဲ့ မိဘတွေတွေနဲ့မိတ်ဆွေတွေဟာာ သူတို့ကို ထိန်းသိမ်းထားတဲ့နေရာမှာ စားစရာလာပို့တာတွေ နဲ့ ပြန်လွတ်ပေးလေမလားဆိုပြီး မျှော်လင့်ချက် ကိုယ်စီနဲ့ လာရောက် စောင့်မျှော်နေတာကို ဒီနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့  နေ့လည်(၁၂)နာရီအချိန်မှာ  တွေ့ရတာြဖစ်ပါတယ်။

 ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး အမိန့်နဲ့  စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးရာမှာ တရုတ်နိုင်ငံသား(၁)ဦး မြန်မာနိုင်ငံသား(၅၄၀)ဦး နဲ့ ထိုင်းနိုင်ငံသား(၁၄၈)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို ထိုင်းဘက်ကို ပြန်လွှဲပေးဖို့ စီစဉ်နေပေမဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ပြန်လွတ်မပေးသေးဘဲ တစ်ဦးကို အနည်းဆုံး ဘတ်(၃၀,၀၀၀)နဲ့ ရွေးရမယ်လို့လည်း ကြားခံတွေဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ အပါအဝင် တပ်က အရာရှိအချို့နဲ့ ဗိုလ်ထွက်တွေက ဈေးခေါ်နေတယ်လို့လည်း မြေပြင်မှာ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။