မြိုင်မြို့အထွက်ရှိ စစ်ကောင်စီတပ်၏ မန္တလေးဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက် 

 မကွေးတိုင်း မြိုင်မြို့အထွက်ရှိ စစ်ကောင်စီတပ်၏ မန္တလေးဂိတ်အား ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၂)ရက်‌နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ကြီးပစ်ကူကြောင့် ပြန်လည်ဆုတ်ခွါလိုက်ရကြောင်း မြိုင်ပကဖထံမှ သိရသည်။

အပြန်အလှန် ပစ်ခတ်ချိန်(၁)နာရီခန့်အကြာတွင် မန္တလေးဂိတ်ရှိ ဘန်ကာ(၂)ခုမှ (၁)ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ဂိတ်အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ စက်ကလေးထိုင်ထားသော တိုက်တစ်လုံးတို့အား သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ကာကွယ်ရေးအဖွဲ့များက ဂိတ်ကို သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်သားများအထိုင်ချထားသည့် မြိုင်မြို့အမှတ် (၂)စာသင်ကျောင်းမှ လက်နက်ကြီးပစ်ကူအချက်(၂၀)ခန့်ပစ်ကူပေးခဲ့ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

ထို့နောက် မြိုင်မြို့အတွင်းရှိ ထွေးအုပ်ရုံး၊ မြို့နယ်ရဲစခန်း၊ လျှပ်စစ်ရုံး၊ ကိုးဆောင်ကျောင်းဂိတ်စသည့် တပ်စွဲထားသောနေရာများကို ဒရုန်းဗုံးသီး(၂၀၀)ခန့်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးတပ်များဘက်က ရဲဘော် R ကြီး ကျဆုံးရကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးအား Earthquake People's Defence Force(Pakokku )တပ်ခွဲ(၁)၊ (၂)နှင့်မြိုင် (ပ.က.ဖ)တပ်ရင်း ၁ တပ်ခွဲ(၁၊၂၊၃၊၄)၊ မြိုင်(ပ.က.ဖ)တပ်ရင်း ၂ တပ်ခွဲ(၁၊၂၊၃၊၄)၊ မြွေးဆိုးတပ်ဖွဲ့၊ M.V.P Revolution Force၊ Myaing U.A.V Fighter Drone တပ်ဖွဲ့၊ မြိုင် ပကဖ Done တပ်ဖွဲ့၊ MRT အဖွဲ့၊ PKU North အဖွဲ့၊GOE အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။