ရှမ်းမြောက် ချင်းရွှေဟော်ကို MNDAA ထိန်းချုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့ကို MNDAAက ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ထိန်းချုပ်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းရွှေဟော်ရှိ စစ်တပ်ဗျူဟာကုန်း၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီတပ်စခန်းများကို MNDAA က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်နှင့် ဝ ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ပိတ်မိနေသူများလည်း ရှိနေဆဲဖြစ်ကြောင်း ချင်းရွှေဟော်မှ ဒေသခံတစ်ဦးက Tachileik News Agencyကို အောက်တိုဘာလ (၂၇)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

"ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဟုတ်ပါတယ်။ ရဲတွေတော်တော်များများ သေသွားတယ်။ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်လိုက်တယ်ဆိုတာလည်း လောလောဆယ် ဟုတ်တယ်။ အရပ်သားတွေ တရုတ်နဲ့ ဝ ဘက်ကို တိမ်းရှောင်နေရတာလည်း ဟုတ်ပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

ချင်းရွှေဟော်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်နှင့် လောက်ကိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးထံမှ သိရပြီး TNLAတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း Tachileik News Agency ကိုအတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်လိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လမ်းပိုင်းများ ပိတ်ရခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရန်၊ လောက်ကိုင်မြို့နယ်ရှိ ကျဖျင့်ကုမ္ပဏီများကို တိုက် ဖျက်ရှင်းလင်းရန်၊ ကျဖျင့်ကုမ္ပဏီများကို ကာကွယ်ပေးနေသော နောက်ကွယ်အင်အားစုများကို လားရှိုးမှတဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

#TachileikNewsAgency