ဓါးပြအဖွဲ့ကို လိုက်ဖမ်းရင်း ရဲအချင်းချင်း ရမ်းသမ်းပစ်ခတ်မိ





* * * * * 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဓားပြအုပ်စုအား လိုက်လံ ပစ်ခတ်သည့် ရဲအုပ်စု အချင်းချင်း ရမ်းသမ်းပစ်ခတ်မိရင်း ရဲတစ်ဦး ကျည်မှန်ဒဏ်ရာရသွားကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့၏ နံနက်(၆)နာရီ (၉)မိနစ်အချိန်က မူဆယ်မြို့ မန်ဝိန်းရပ်ကွက်အတွင်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ ကားခိုးလာသည့် ဓါးပြအဖွဲ့ကို လိုက်လံ ဖမ်းဆီး ပစ်ခတ်ရာမှ အချင်းချင်း ပစ်ခတ်မိခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်ထဲမှာ မူးယစ်ဆေးတွေဖမ်းရင် ခုလို အချင်းချင်း ရမ်းသမ်းပစ်ခတ်မိတာတွေလည်း အရင်က ရှိဖူးတယ်။ CCTV မှတ်တမ်းတွေ ဘာတွေမရှိတော့ သူတို့ကတော့ တဖက်က ပစ်ခတ်လို့ ထိတယ်လို့ အထက်ကို လိမ်ပြီး အစီရင်ခံစာတင်ကြတယ်။ အခုလည်း အဲ့လို လုပ်ချင်ကြပေမဲ့။ CCTV မှတ်တမ်းကလည်းရှိနေသလို အတော်လေးလည်း လူသိများသွားတော့ အထက်ကို လိမ်လည်တင်ပြလို့မရတော့ဘူးပေါ့။ ဒီဖြစ်စဉ်ကြောင့် မှတ်တမ်းမှာ မှင်နီထိနိုင်ချေရှိပါတယ်"ဟု ရဲအငြိမ်းစားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မူဆယ်ဖြစ်စဉ်တွင် ဓါးပြအုပ်စုဘက်က ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် (၂)ဦး သေဆုံးသည့်အပြင် (၂)ဦး ဒဏ်ရာရရှိသွားကြသလို ၎င်းတို့၏ လက်နက်လည်း သိမ်းဆည်းရရှိခဲ့ကြသည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသများတွင်  ယခင်ကထက် ယခုနောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုများ အဆမတန်ပေါများလာသလို  စစ်အာဏာရှင်ကျဆုံးရေးအတွက် ပစ်ခတ်တိုက်ခိုက်သည့် တော်လှန်ရေး ပစ်ခတ်မှုများမဟုတ်ဘဲ ဒုစရိုက်လုပ်ငန်းများကြောင့် ပစ်ခတ်ကြသည့် ဖြစ်စဉ်များမှာ ပိုမိုများပြားစွာ ဖြစ်ပွားလာနေသည်ကို တွေ့ရသည်။

#TachileikNewsAgency