ရေစကြိုမြို့နယ် ရှင်မတောင်ရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ခဲယမ်းနှင့် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ရှင်မတောင်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို လက်နက်ခဲယမ်းနှင့် ရိက္ခာလာပို့သည့် စစ်ကြောင်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ရိက္ခာတင်ဆောင်လာသော ကားနှစ်စီးကို ပေပါမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးကပ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု Young Force(UG) ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ(၂)က ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို Steel Hawk၊ ပခုက္ကူခရိုင်တပ်ရင်း (၁၇) တပ်ခွဲ (၃)၊ ပခုက္ကူခရိုင် တပ်ရင်း(၃)၊ MRTF၊ Shwe Darr Boနှင့် ပခုက္ကူမြို့ နယ် ပကဖ တပ်ခွဲ (၂) Young Force(UG)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ဇူလိုင်လ (၂၄)ရက်နေ့တွင် မြိုင်-နှောပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်။

ဇူလိုင်လ (၂၃)ရက်နေ့ကလည်း မကွေးတိုင်း ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်တွင် ဇူလိုင်လ(၂၂)ရက်က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် မိုင်းအား လမ်းပိတ်၍ ရှင်းလင်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်များအား ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

Video : Young Force(UG)