တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ယာဉ်မောင်းလိုင်စင်များကို (၃) ရက်တာကွင်းဆင်းဆောင်ရွက်ပေးမည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ယာဉ်မောင်းလိုင်စင်များကို (၃) ရက်တာကွင်းဆင်းဆောင်ရွက်ပေးမည်
နိုဝင်ဘာ 20, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင်များကွင်းဆင်းဆောင်ရွက်ပေးမှုကို (၃) ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"နိုဝင်ဘာ (၂၂) ရက်နေ့ရယ်၊ (၂၅၊ ၂၆) နေ့တွေရယ် ကွင်းဆင်းဆောင်ရွက်ပေးမယ်။ ယာဉ်မောင်းလိုင်စင်တွေကိုတော့ (၂၉) ရက်နေ့မှာ ကညနရုံးမှာပဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပွဲလေးလုပ်ပြီး ထုတ်ပေးမှာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းမည်ဖြစ်သည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓာတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့င့် မြန်မာ့အာမခံလုပ်ငန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net