ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေး
သြဂုတ် 31, 2019
By Tachileik News Agency


ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့ နံနက်(၁၀)နာရီက စတင်ပြီး တံခါးပိတ်ဆွေးနွေးနေပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ဇော်ဦး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အပါအ၀င် ကော်မရှင်ဝင်များ တက်ရောက်ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များဖြစ်တဲ့  MNTJP/ MNDAA အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဦးရန်ဝင်ကျုံး နဲ့ အဖွဲ့၊ PSLF/TNLA မှ ဒုတိယဥက္ကဌ တာခလန်း နဲ့ အဖွဲ့၊ ULA/AA မှ ဒုတိယစစ်ဦးစီးချုပ် ညိုထွန်းအောင် နဲ့ အဖွဲ့၊ KIO/KIA မှ ဗဟိုအတွင်းရေးမှူး ထင်နန် နဲ့ အဖွဲ့ တို့ တက်ရောက်လာကြပြီး ဆွေးနွေးနေကြတာပါ။

ဆွေးနွေးမှုများအပြီးမှတော့ ရလာဒ်တွေကို သတင်းမီဒီယာများကို ပြန်လည် ရှင်းလင်းပြောကြားမယ်လို့ နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဆွေးနွေးနေကြပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဒီနေ့ သြဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဒီဆွေးနွေးပွဲ ပြုလုပ်နေချိန်အထိ ကွတ်ခိုင်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။