AA ၏ ထိုးစစ်ကြောင့် ထွက်ပြေးလာသည့် နတ်ရေကန်ဒေသမှ စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ

AA ၏ ထိုးစစ်ကြောင့် ထွက်ပြေးလာသည့် နတ်ရေကန်ဒေသမှ စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ
February 26, 2025 | Regional News| Other Regions| Politics

 အာရက္ခတပ်တော်(AA)မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို လက်နက်ခဲယမ်းများနှင့်အတူ ချင်းကာကွယ်ရေးတပ်-အရှို က ဖမ်းဆီးရမိကြောင်း ယနေ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)သည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ စတုတ္တပတ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မကွေးတိုင်း ငဖဲမြို့နယ်တွင်း နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်၏ ကာကင်းစခန်းများကနေ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ(၂၀၀၀)ဝန်းကျင် အကွာ တောတွင်းနေရာအသီးသီးကနေ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ကနေ ဖေဖော်ဝါရီလ(၂၆)ရက်နေအထိ (၃)ရက်အတွင်း စုစုပေါင်း (၂၃)ဦးကို အရှင်ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမိအတွင်း MA-1 အမျိုးအစား သေနတ်(၁၃)လက်၊ MA-2 အမျိုးအစား သေနတ်(၁)လက်၊ MA-3 အမျိုးအစား သေနတ်(၃)လက်၊ MA-5 အမျိုးအစား သေနတ်(၁)လက် နှင့် MA-11 အမျိုးမျိုး သေနတ်(၂)လက် စုစုပေါင်း သေနတ်အလက်(၂၀)အပြင် လက်ပစ်မိုင်း (၁၈)လုံး၊ EY သီး (၁၂)လုံး၊ ကျည် အတောင့်(၄၀၀၀)ကျော် နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နေ့လည်ပိုင်းကလည်း ငဖဲမြို့နယ်အတွင်း နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ကာ ဆုတ်ခွာစစ်ဆင်လာသည့် စစ်ကောင်စီတပ်သား (၁၀၀)ဝန်းကျင်၏ ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က နတ်ရေကန်လမ်းဟောင်းတွင် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)ဘက်က တစ်ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

နတ်ရေကန်ဒေသအနီးတဝိုက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တိုက်တွန်းအသိပေးထားသည်။



 

Photo CDF-Asho