သရက်ချောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလုံးကစားနေသည့် ကလေး (၂)ဦး သေဆုံးပြီး ဆေးရုံပျက်စီး

သရက်ချောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလုံးကစားနေသည့် ကလေး (၂)ဦး သေဆုံးပြီး ဆေးရုံပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနှင့် အနီးကျေးရွာများကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မေလ (၈)ရက်နေ့၊ ညနေ (၅)နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ(၂)ဦး သေဆုံးပြီး ဆေးရုံပျက်စီးသွားကြောင်း Democracy Movement Strike Committee- Daweiထံမှ သိရသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာ ဘောလုံးကွင်းအတွင်း ဘောလုံးကစားနေကြသည့် အသက်(၁၆)နှစ်အရွယ် မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကနက်သီရိရွာအနီးရှိ ရငဲရွာတွင်လည်း ယာယီပိတ်ထားသည့် တိုက်နယ်ဆေးရုံကိုလည်း ဗုံးကြဲရာ ဗုံးထိမှန်မှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည် ကနက်သီရိရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်များလည်း အခြေစိုက်လှုပ်ရှားခြင်းမရှိဟု သိရသည်။

အရပ်သားများသာ နေထိုင်သည့်နေရာမျိုးကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ကောင်စီ၏ ပုံမှန်ကျူးလွန်နေကျဖြစ်သော စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းကစပြီး ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ရှိလာနေပြီး စစ်ကောင်စီတပ်ဘက်က တိုက်ပွဲများအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုများအတွင်း ရုန်းရင်းဆန်ခတ်ထွက်ပြေးခြင်းမလုပ်ဘဲ လုံခြုံစွာ ပုန်းခိုရန်၊ တော်လှန်ရေးအင်အားစုများထံမှ အကြံအဉာဏ်ရယူပြီး ဗုံးခိုကျင်းများတူးထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

#TachileikNewsAgency

Photo:Democracy Movement Strike Committee-Dawei