တရုတ်နိုင်ငံတွင် လေပြင်းတိုက်ခတ်စဥ် တိုက်ခန်းပြတင်းပေါက်ကနေ လူ (၃) ဦး လွင့်ပါ သေဆုံး

တရုတ်နိုင်ငံတွင် လေပြင်းတိုက်ခတ်စဥ် တိုက်ခန်းပြတင်းပေါက်ကနေ လူ (၃) ဦး လွင့်ပါ သေဆုံး
By Mr John

တရုတ်နိုင်ငံ တောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းကဲ့သို့ လေပြင်းများ တိုက်ခတ်မှုအတွင်း တိုက်ခန်းပြတင်းပေါက်ကနေ လူ (၃) ဦး လွင့်ပါသွားခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်တောင်ပိုင်းတွင် ထူးကဲပြင်းထန်သော မိုးလေဝသ အခြေအနေ ကြုံတွေ့ခဲ့ရသည်။

 Jiangxi ပြည်နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်နေ့က စတင်ခဲ့သော လေပြင်းတိုက်ခတ်မှုများကြောင့် စုစုပေါင်း လူ (၇) ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ၂၀၂၄ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင်တွင် သတင်းဖော်ပြသည်။

လေပြင်းတိုက်ခတ်မှုအတွင်း နေအိမ် (၅,၄၀၀) ကျော် ပျက်စီးခဲ့ပြီး လူဦးရေ (၃၁၃,၀၀၀) လေဘေးသင့်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၁,၆၀၀) ခန့်မှာ ဘေးအန္တရာယ်ကင်းရန် ရွှေ့ပြောင်းခဲ့ရသည်ဟု CCTV သတင်းက ဆိုသည်။ 

တရုတ်မိုးလေဝသဌာနက ၎င်း၏ သတိပေးစနစ် အဆင့် (၃) ဆင့်မှ အမြင့်ဆုံးဖြစ်သည့် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ၂၀၂၄ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရသတင်းဌာန Global Times ၏ အဆိုအရ မိုးလေဝသ သတိပေးချက် လိမ္မော်ရောင်အဆင့် ထုတ်ပြန်ရခြင်းမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

တရုတ်တောင်ပိုင်း Jiangxi ပြည်နယ်၏ မြို့တော် Nanchang မြို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်နေ့က ပြင်းထန်သော မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့စဥ် လူ (၄)ဦး သေဆုံးပြီး အနည်းဆုံး လူ (၁၀) ဦး ဒဏ်ရာရခဲ့သည်။

သေဆုံးသူများအနက် အသက် (၆၀) ကျော် အမျိုးသမီးတစ်ဦးနှင့် သူမ၏ အသက် (၁၁) နှစ်သား မြေးဖြစ်သူတို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ၎င်းတို့၏ မွေ့ရာနှင့်အတူ တိုက်ခန်းပြတင်းပေါက်ကနေ လွင့်ပါသွားခဲ့ကြောင်း CCTV က မီဒီယာ သတင်းပေးပို့ချက်များကို ကိုးကားဖော်ပြသည်။ 

ထိုမြေးအဘွားနှင့် တိုက်ခန်းတစ်ခုတည်းတွင် နေထိုင်သူ အသက် (၆၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း လေပြင်းနှင့်အတူ ပြတင်းပေါက်ကနေ လွင့်ပါသွားခဲ့ပြီး ၎င်းတို့ (၃) ဦးလုံး သေဆုံးခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း CCTV က ပြောသည်။

 

Source: CNN