ဗြိတိန် အိမ်ရှေ့မင်းသား၏ ကြင်ယာတော် ဝေလမင်းသမီးက ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော် ပြောကြား

ဗြိတိန် အိမ်ရှေ့မင်းသား၏ ကြင်ယာတော် ဝေလမင်းသမီးက ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော် ပြောကြား
By Mr John

 ဗြိတိန် အိမ်ရှေ့မင်းသား၏ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (ကိတ်မစ်ဒယ်လ်တန်) က သူမထံတွင် ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အစောပိုင်းအဆင့် ကုသမှု ခံယူနေကြောင်း ထုတ်ဖော်ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက်ပိုင်း ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ဗီဒီယိုတစ်ခုတွင် ဝေလမင်းသမီး ကက်သရင်းက ပြောခဲ့သည်။ 

သို့သော် မည်သည့် ကင်ဆာအမျိုးအစား ဖြစ်ကြောင်းကိုမူ တော်ဝင်မင်းသမီးက မပြောခဲ့ပေ။

သူမ၏ အခြေအနေကို အစောပိုင်းတွင် ကင်ဆာမဟုတ်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှုများအရ ကင်ဆာဖြစ်နေကြောင်း တွေ့ခဲ့ရသည်ဟု မင်းသမီးက ဆိုသည်။ 

အသက် (၄၂) နှစ်အရွယ် ကက်သရင်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက အများပြည်သူ မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်ပြီး သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ထွက်ပေါ်နေခဲ့သည်။

တတိယမြောက် ချားလ်စ်ဘုရင် King Charles III ထံတွင်လည်း ဆီးကျိတ်ကြီးခြင်းကို စမ်းသပ်ခဲ့ပြီးနောက်ပိုင်း ကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ‌ဝေလမင်းသမီး ကက်သရင်း၏ အံ့ဩတုန်လှုပ်ဖွယ် ကင်ဆာရောဂါသတင်း ထွက်လာခြင်း ဖြစ်သည်။ 

မည်သည့် ကင်ဆာအမျိုးအစားကို စစ်ဆေးတွေ့ရှိရကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်မည်မဟုတ်ဘဲ မင်းသမီးထံတွင် ဆေးကုသမှုဆိုင်ရာ လျှို့ဝှက်ပိုင်ခွင့်ရှိကြောင်း မင်းသမီး၏ ရုံးခန်းက ပြောသည်။

တော်ဝင်မင်းသမီးမှာ နာလန်ထူလာနေပြီး ကင်ဆာရောဂါ ဓာတုကုထုံးကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ခံယူခဲ့ကြောင်း သူမ၏ ရုံးခန်းက ဆိုသည်။ 

သားသမီးများဖြစ်ကြသည့် မင်းသား ဂျော့ဂျ် (အသက် ၁၀ နှစ်)၊ မင်းသမီး ရှာလော့တီ (အသက် ၈ နှစ်) နှင့် မင်းသား လူးဝစ် (အသက် ၅) နှစ်တို့ အနေဖြင့် ဝေလမင်းသမီး၏ ကင်ဆာရောဂါသတင်းကို သိရှိနားလည်ထားပြီးချိန်တွင် လူသိရှင်ကြား ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

 ၂၀၂၄ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ကလေးများ၏ အီစတာ ကျောင်းပိတ်ရက်များ စတင်ပြီဖြစ်သောကြောင့်လည်း အချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မရဲ့ ကုသမှု စတင်နိုင်ဖို့ အကြီးစား ခွဲစိတ်ကုသမှုကနေ နာလန်ပြန်ထူဖို့ အချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ဂျော့ဂျ်၊ ရှာလော့တီနဲ့ လူးဝစ်တို့ကို သူတို့အတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခုနဲ့ အရာအားလုံး ရှင်းပြဖို့ ကျွန်မတို့ အချိန်ယူခဲ့ရတာပါပဲ။ ပြီးတော့ ကျွန်မ အဆင်ပြေလာမယ်ဆိုတာ သူတို့ကို အာမခံဖို့ပါပဲ" ဟု ဝေလမင်းသမီး ကက်သရင်းက ဗီဒီယိုသတင်းစကားတွင် ပြောထားသည်။

Source: CNN