တာချီလိတ်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထိရောက်သည့် စီမံခန့်ခွဲမှု မရှိခြင်းကြောင့် ၎င်းတို့ ခန့်ထားသည့် ဘုရားဝန်ထမ်းများနှင့် ဈေးသည်များအကြား ကာလရှည်ကြာ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေ

တာချီလိတ်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထိရောက်သည့် စီမံခန့်ခွဲမှု မရှိခြင်းကြောင့် ၎င်းတို့ ခန့်ထားသည့် ဘုရားဝန်ထမ်းများနှင့် ဈေးသည်များအကြား ကာလရှည်ကြာ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေ
မတ် 17, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထိရောက်သည့် စီမံခန့်ခွဲမှု မရှိခြင်းကြောင့် ၎င်းတို့ ခန့်ထားသည့်  ဝန်ထမ်းဆိုသူများမှာ ဈေးသည်များအပေါ်  ကာလရှည်ကြာ  ကြမ်းတမ်းသည့် ပြောဆို  ဆက်ဆံမှုများနှင့်အတူ အဆင်မပြေမှုများစွာ ဖြစ်စေရန် လုပ်ဆောင်နေ၍ ဈေးသည်များမှာ သည်းခံနေ နေရကြောင်း သိရသည်။ 

"ဘုရားပေါ်မှာ ဆိုင်ခန်းနေရာ ရချင်ရင် ဂေါပက လူကြီးတွေထက် သူတို့ကို လာဘ်ထိုးရတယ်။ အနေကြာတဲ့ ဈေးသည်တွေကိုဆိုရင်လည်း လေးစားမှု မရှိဘူး။ မတူသလို ဆက်ဆံပြီး အရမ်းဖိနှိပ်တာ။ ညဆိုရင်လည်း မူးနေတာပဲ။ ဘုရားမှာ ဝန်ထမ်းလိုပြီဆိုရင်လည်း ဒေသခံကို ဦးစားမပေးဘူး သူတို့ရွာက လူတွေကိုပဲ ခေါ်ထည့်တာ။ ဘုရားဈေးကောက် ဝင်းကို ဆိုတဲ့ လူရဲ့ ဘုရားပေါ်က အိမ်မှာဆိုရင် ဒိုးဇက်ဝိုင်းရှိတယ်။ ဖဲဝိုင်းရှိတယ်။ ဘီယာဝိုင်းရှိတယ်။ ညဆို သောက်စားပြီးတော့ မူးမူးနဲ့ ဈေးကောက် လိုက်ကောက်တာ။ သူတို့လုပ်ရင်တော့အကောင်း။ ကျန်တဲ့လူတွေ လုပ်ရင် ဆိုင်ဖြုတ်ပစ်မယ်။ ဘုရားဝန်ထမ်း ကိုမြင့်ဦးတို့ ဝင်းကိုတို့ သူတို့ တဖွဲ့လုံးက အထက်လူကြီးတွေရဲ့ အမည်ကို အသုံးချပြီး ဟိုတိုင်မယ် ဒီတိုင်မယ် ဆိုပြီး ခဏခဏ ကြိမ်းဝါးထားတာဆိုတော့ လူဟောင်းရော လူသစ်ရော ဘာမှမပြောရဲဘူး အသံတိတ်နေရတာ။"ဟု ဈေးသည်တစ်ဦးက ၂၀၂၄ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် Tachileik News Agency သို့ ပြောသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့များမှာ ရွှေတိဂုံစေတီတော်သို့ နေ့စဉ် လာရောက်မှုရှိသော်လည်း ရွှေတိဂုံစေတီတော်ကို မှီခိုပြီး ဘုရားဖူးများအပေါ် ဈေးရောင်းကာ ဝမ်းစာရှာနေရသည့် ဈေးသည်များ၏ အခက်အခဲများကို လစ်လျူရှူထားမှုများရှိနေသည်ဟု ဆိုသည်။ 

"ဂေါပကတွေကလည်း လူလတ်ပိုင်းတွေလို သွက်လက်လှုပ်ရှား နိုင်တော့တာ မဟုတ်ဘူး အသက်တွေက အိုမင်းနေပြီ။ ဘုရားပေါ်မှာ ဘာမှလည်း အချိန်ပြည့် မရှိဘူး။  မနက်ပိုင်းလေး ခဏလာတယ် လက်ဘက်ရည်တွေ ဘာတွေ သောက်ပြီး သူတို့ တင်ပြသမျှကို ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ပြန်သွားတာ။ ဂေါပကတွေ လာတဲ့ အချိန်ဆို ပြာပြာသဲသဲ လုပ်ပြတယ်။ သူတို့ ပြန်သွားရင် ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။ ဂေါပကတွေက  ဈေးသည်တွေ အဆင်ပြေရဲ့လား သူတို့ခန့်ထားတဲ့ ဝန်ထမ်းတွေနဲ့ရော ဆက်ဆံရေး အဆင်ပြေရဲ့လား ဆိုတာမျိုး အလေးမထားဘူး။ ဈေးသည်တွေရဲ့ ဆန္ဒ ဘယ်လိုရှိလဲ ဆိုတာမျိုးကို အားလုံးတွေ့ဆုံပြီး မေးမြန်း ဆွေးနွေးတာမျိုး မရှိဘူး။ သူတို့ ခန့်ထားတဲ့ ဝန်ထမ်းရဲ့ တင်ပြမှုကိုပဲ အရေးစိုက်တာ။ ဂေါပကတွေ  ဘုရားပေါ် ခဏလာတယ်။ ပြန်တယ်။ ကျန်တာ ဘာမှ မသိဘူး။ ပြောရရင် ရွှေတိဂုံဘုရားကို အုပ်ချုပ်နေတာ ဂေါပကတွေ မဟုတ်ဘဲ သူတို့ ခန့်ထားတဲ့ စရိုက်ဆိုးတဲ့ လူတစ်စုလို့တောင် ထင်ရတယ်"ဟု ဈေးသည်တစ်ဦးက ပြောသည်။



 

ဈေးသည်များမှာ ဘုရားဝန်ထမ်းများ၏ ဆက်ဆံရေးနှင့် လုပ်ရပ်များကို မကြိုက်သော်လည်း သည်းခံလာခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်ပြီး သည်းမခံဘဲ ပြန်တုံ့ပြန်ပါက ဈေးရောင်းခွင့်ပိတ်ခြင်းနှင့် နေရာ သိမ်းခြင်းများ ပြုလုပ်မည်စိုး၍သာ ငြိမ်နေကြရခြင်း ဖြစ်ကြောင်း နှင့်   ဘုရားဝန်ထမ်းများနှင့် ဈေးသည်များအကြား အဆင်မပြေမှုများမှာ နှစ်အတော် ကြာမြင့်နေသည်မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း သိရသည်။ 

"ဈေးသည်တွေကလည်း မကြိုက်ကြပါဘူး။ မပြောရဲလို့သာ သူတို့ လုပ်ရပ်တွေ သူတို့ ယုတ်မာတာတွေကို သိတယ်။ ပြန်တုံ့ပြန်ရင်လည်း ဆိုင်ခန်းနေရာတွေ ပြန်သိမ်းခံရမှာဆိုးလို့ သည်းခံနေကြရတာ။ ဆိုင်ခန်းတွေ ပြန်သိမ်းလိုက်ပြီးရင်လည်း သူတို့အမျိုးတွေကိုပဲ ထိုးပေးတာ။ ဆိုင်လစာဆိုရင်လည်း ဥပမာ ဘုရားကို ဘတ်(၁,၀၀၀)သွင်းရရင် သူတို့ က ဘတ်(၃,၀၀၀)နဲ့ပြန်ငှားစားတာမျိုး။ သူတို့အုပ်စုက ဘုရားပေါ်မှာ ငွေရတာမှန်သမျှ အကုန်လုပ်တာ နောက်ဆုံး ငွေတိုးချေးစားတာက အစ အကုန်လုပ်တယ်။ အခုလို ပြောပြတာကလည်း ကျွန်တော်တို့နဲ့ သူတို့နဲ့က ဘာရန်ငြိုး ရန်စမှ မရှိပါဘူး။ ကျွန်တော်က သည်းခံနေရတဲ့ ဈေးသည်တွေ ကိုယ်စားပြောပြပေးတာပါ။ ဈေးသည်တွေ ဒီလိုဖြစ်နေတာ အခုမှ မဟုတ်ဘူး အတော်ကို ကြာနေပြီ။ ဂေါပကအဖွဲ့အနေနဲ့ ဝန်ထမ်းခန့်ထားမယ်ဆိုရင် သမာသမတ်ကျပြီး အကျင့်သီလ ကောင်းတဲ့ ဘုရားတရားလုပ်တဲ့လူတွေကိုသာ ရွေးချယ်ခန့်ထားစေချင်တယ်။"ဟု ဈေးသည်တစ်ဦးက ပြောသည်။

 

ဂေါပကအဖွဲ့က ခန့်ထားသည့် ဘုရားဝန်ထမ်းဆိုသူများကို လစာအပြင်  ရွှေတိဂုံကုန်းတော်ပေါ်ရှိ နေအိမ်အခန်းများတွင် နေစရာများပါ ပေးထားကြောင်း သိရသည်။

"သူတို့ကို သူများတွေ လှူထားတဲ့ ငွေတွေနဲ့ ဈေးဆိုင်ခန်းနေရာတွေက ရတဲ့ ငွေတွေထဲကနေ   လစာ ပေးထားတာ။ အဲ့အပြင် ရွှေတိဂုံမှာပဲ နေစရာအခန်းတွေလည်း ပေးထားတယ်။ အဲ့တော့ သူတို့က ဝန်ထမ်းဆိုပြီးတော့  သူတို့အမျိုးတွေ ရှိသမျှ လူတွေကို ခေါ်နေထားတယ်။   ဘုရားပေါ်မှာ သူတို့ လုပ်ရင်တော့ အကောင်း။ အဲ့မှာ လာရောင်းတဲ့ အပြင်ဈေးသည်တွေက သူတို့ကို ကြောက်ရတယ်။ ပြောရရင် တာချီလိတ်တစ်မြို့လုံး လွတ်လပ်ရေး ရတယ်။ ရွှေတိဂုံပေါ်က ဈေးသည်တွေက လွတ်လပ်ရေး မရသေးတာ။ လုပ်စား ကိုင်စားရတဲ့အထဲ သူတို့ ငြိုငြင်မှာပဲ ကြောက်နေရတာ။ ဘုရားပေါ်က ဈေးသည်တွေဆိုတာကလည်း အဆင်ပြေနေတဲ့သူတွေ မဟုတ်ဘူး။ အခက်အခဲတွေကြားကနေ ရှိတာလေးလုပ်ရတာ။ ဈေးရောင်း မကောင်းတဲ့အခါမျိုး ဆိုရင် ငွေလိုလာရင် ချေးငှားရတဲ့ ဘဝတွေပါ။ ဘုရားပေါ်မှာ အဆင်ပြေ ငွေရွှင်တာဆိုလို့ ဘုရားဝန်ထမ်းတွေပဲ ရှိတယ်။ ဘုရားဝန်ထမ်းဆိုပြီး  ဂေါပကတွေထက် ဆိုးတယ် အာဏာတွေ ပါဝါတွေသုံးတယ်။ ဘုရားဝန်ထမ်းဆိုပြီး သူတို့ကိုယ်တိုင်က ညဆိုရင် မူးနေတာ။"ဟု ဈေးသည်တစ်ဦးက ပြောသည်။



 ဂေါပကများ ခန့်ထားသည့် ဝန်ထမ်းနှင့်ဈေးကောက်များသည် ဈေးသည်များအပေါ်   လူကြားထဲ မရှောင် ဆဲဆိုမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

"သူတို့ အမျိုးတွေနဲ့ သူတို့ကို ပေးကမ်းထားသူတွေ၊ သူတို့နဲ့ ပိုင်တဲ့သူတွေကိုဆိုရင် ဘုရားထဲထိ ဂြိုလ်ခွင်ထဲထိ ပန်းတွေ ရွှေဆိုင်းတွေ အတင်းထိုးရောင်းရင် ဘာမှမပြောဘူး။ မမြင်သလိုနေပေးတာ။ သူတို့ အမြင်မကြည်သူတွေ သူတို့နဲ့ မတည့်သူတွေ  အဲ့လိုရောင်းရင် ဘုရားပေါ်မှာ လှမ်းအော်ဆဲတာ။ ဧည့်သည်တွေရှေ့လည်း မရှောင်ဘူး ရိုင်းရိုင်း စိုင်းစိုင်း ဆဲဆိုနေတာ နှုတ်အရမ်းကြမ်းတယ်။ ဘုရားဖူးလာတဲ့ ထိုင်းဧည့်သည်တွေနဲ့ နိုင်ငံခြားသားတွေလည်း သူတို့ အော်ဆဲတာကို ကြည့်ပြီး လန့်သွားကြတာ ခဏခဏပဲ။  နောက်ပြီး ညညဆိုလည်း မူးနေပြီး ဈေးသည်တွေကို မူးမူးရူးရူးနဲ့ ဈေးကောက် လိုက်ကောက်တာ၊   ည(၉)နာရီ တံခါးပိတ်တယ်ဆိုရင်လည်း ဈေးသည်တွေကို ခွေးမောင်းသလို မောင်းတာ။ သူတို့နဲ့ အဆင်ပြေသူဆိုရင် ည(၁၀)နာရီ ည(၁၁)နာရီမှ ပြန်လည်းရတယ်။ သူတို့ကိုယ်တိုင် တံခါး လိုက်ဖွင့်ပေးတယ်။"ဟု ဈေးသည်တစ်ဦးက ပြောသည်။

တာချီလိတ်ရွှေဂုံစေတီတော်၏ ဂေါပကအဖွဲ့ တာဝန်များကို အစားထိုး တာဝန်ပေးခြင်း နှင့် အလှည့်ကျစနစ်ဖြင့် ရွေးချယ်ခန့်ထားခြင်းမဟုတ်ဘဲ ကာလရှည်ကြာစွာ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

မှတ်ချက်။ သတင်းစကားပြောကြားပေးသူများ၏ လုံခြုံရေးအရ အမည်များကို မဖော်လိုဘဲ "ဈေးသည်တစ်ဦး" ဟုသာ အမည်သုံးစွဲထားခြင်းဖြစ်ပါသည်။