တောမီးခိုးများကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့အဖြစ် ရပ်တည်နေ

တောမီးခိုးများကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့အဖြစ် ရပ်တည်နေ
By Mr John

နှစ်စဉ် တောင်ယာတောမီးရှို့မှုများကြောင့် ပြင်းထန်သော လေထုညစ်ညမ်းမှု တွေ့ကြုံခံစားနေရသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် ရပ်တည်နေကြောင်း သိရသည်။ 

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းမှု ဖြစ်စေသည့် PM2.5 အမှုန်အမွှားများ ပျံ့နှံ့နေပြီး လေထုအရည်အသွေးမှာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်သော အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ် မတ်လ (၁၆) ရက်နေ့ နံနက် (၆) နာရီခွဲအချိန် တိုင်းတာမှုအရ ချင်းမိုင်မြို့တွင် လေထုအရည်အသွေး အညွှန်းကိန်း air quality index (AQI) မှာ (၂၁၅) ဖြစ်ကြောင်း IQAIR ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ 

၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက်နေ့ ညပိုင်းတွင်လည်း ချင်းမိုင်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်းမှာ (၁၉၉) ဖြစ်ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် ရပ်တည်နေကြောင်း IQAIR ဝက်ဘ်ဆိုက်က ဖော်ပြထားသည့် လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် တွေ့ရသည်။

 

ယနေ့ နံနက်ပိုင်း၏ အခြေအနေအရ အိန္ဒိယနိုင်ငံ ဒေလီ နှင့် တရုတ်နိုင်ငံ ဘေဂျင်းတို့မှာ ချင်းမိုင်ပြီးလျှင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်း၏ နံပါတ် (၂) နှင့် နံပါတ် (၃) နေရာ၌ အသီးသီး ရပ်တည်နေသည်။

နှစ်စဉ် မတ်လရောက်တိုင်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ဒေသနှင့် မြန်မာ - ထိုင်း နယ်စပ်တလျှောက်တွင် တောင်ယာ တောမီးရှို့မှုများကြောင့် မီးခိုးဖုံးလွှမ်းမှုနှင့်အတူ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

Source:  The Thaiger