ဟောင်ကောင်တွင် ဖန်ပုလင်းများထဲထည့်ထားသော မွေးကင်းစ ကလေး (၂) ဦး၏ အလောင်းများ တွေ့ရပြီးနောက် လူ (၂) ဦးကို ဖမ်းဆီး

ဟောင်ကောင်တွင် ဖန်ပုလင်းများထဲထည့်ထားသော မွေးကင်းစ ကလေး (၂) ဦး၏ အလောင်းများ တွေ့ရပြီးနောက် လူ (၂) ဦးကို ဖမ်းဆီး
By Mr John

ဟောင်ကောင်တွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လူမနေသော တိုက်ခန်းအလွတ်တစ်ခု၏ ဧည့်ခန်းအတွင်း ဖန်ပုလင်းများထဲ၌ မွေးကင်းစ ကလေး (၂) ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လူ (၂) ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

 Tuen Mun ခရိုင်အတွင်း Mei Hang အဆောက်အအုံရှိ တိုက်ခန်းတစ်ခန်းတွင် တိုက်ခန်းငှားရမ်း နေထိုင်သူများ ပြောင်းရွှေ့သွားပြီးနောက် တိုက်ခန်းပိုင်ရှင်က သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကို စေလွှတ်ပြီး သန့်ရှင်းရေးလုပ်စေခဲ့ရာမှ မွေးကင်း ကလေးအလောင်းများကို  ၂၀၂၄ ခုနှစ် မတ်လ (၈) ရက် နံနက်ပိုင်းအချိန်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် (၂) ဦးမှာ အသက် (၂၄) နှစ်အရွယ် အမျိုးသားနှင့် အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အား အလောင်းဖျောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။ 

မွေးကင်းစ ကလေးအလောင်းများ ထည့်ထားသည့် ဖန်ပုလင်းများမှာ အမြင့် (၁) ပေနီးပါး (၁၁.၈ လက်မ) ရှိပြီး ကလေးများထံတွင် ထင်ရှားသော ဒဏ်ရာများ မတွေ့ရကြောင်း စုံစမ်းစစ်ဆေးရေးမှူး Au Yeung Tak က ၂၀၂၄ ခုနှစ် မတ်လ (၉) ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။ 

မွေးကင်းစ ကလေးများ၏ အသက်နှင့် ၎င်းတို့ မွေးဖွားစဥ် သေဆုံးခဲ့ခြင်းဟုတ် မဟုတ် သိရှိနိုင်ရန် အလောင်းခွဲစိတ် စစ်ဆေးသွားမည်ဟု ၎င်းက ဆိုသည်။

ထိုအမှုကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ကလေးများမှာ ယောက်ျားလေးများဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားအရ အသေမွေးခဲ့ခြင်း ဖြစ်နိုင်ခြေရှိကြောင်း South China Morning Post သတင်းက ဖော်ပြသည်။ 

ကလေးအလောင်းများကို အရည်ထဲတွင် စိမ်၍ ဖန်ပုလင်းများထဲ ထည့်သိမ်းထားကြောင်း ဟောင်ကောင်သတင်းဌာန RTHK က ပြောသည်။  

Source: AP