စစ်ရှုံးပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်များ စွန့်ပစ်သွားသည့် လက်နက်ခဲယမ်းများကို လာ‌ရောက်အပ်နှံပါက ဆုငွေချီးမြှင့် မည်ဟု AA ထုတ်ပြန်

စစ်ရှုံးပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်များ စွန့်ပစ်သွားသည့် လက်နက်ခဲယမ်းများကို လာ‌ရောက်အပ်နှံပါက ဆုငွေချီးမြှင့် မည်ဟု AA ထုတ်ပြန်
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်‌ပြည်နယ်တွင် စစ်ရှုံး၍ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ စွန့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော်ထံ လာရောက်အပ်နှံပါက ထိုက်သင့်သော ဆုငွေများချီးမြှင့် ပေးသွားမည်ဟု ရက္ခိုင့်တပ်‌တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိပြီး AA တပ်ဖွဲ့ဝင်များ မရောက်ရှိသေးသော နေရာများအပြင် ရှာဖွေမတွေ့သေးဘဲ ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေ နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် စွန့်ပစ်ထားခဲ့သော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို မည်သူမဆိုတွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း၊ အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်ပြီး လက်နက်ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက် ချင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများနှင့် ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကိုစွန့်ခွာကာ အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံများအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြရကာ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးနေခြင်းဖြစ်သည်။ 

ထွက်ပြေးရာတွင် ၎င်းတို့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သည့်အပြင် ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို မသယ်ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်ခြင်း၊ မြေကြီးအတွင်း မြှုပ်နှံထားခဲ့ကြသည်ကို ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ရှာဖွေရရှိသော အခြေအနေများအရ သိရကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့အပြင် AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်သောကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် ထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက် ဆုံးထား၍ အပ်နှံကြရန် အသိပေးထားကာ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေး ယူမည်ဟုလည်း သတိပေးထားသည်။

AA သည် ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်ဟု သိရသည်။