မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်ထိန်းချုပ်၊ အမှတ်(၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှလွဲပြီး ကျန်တပ်စခန်းများကို AA သိမ်း

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်ထိန်းချုပ်၊ အမှတ်(၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှလွဲပြီး ကျန်တပ်စခန်းများကို AA သိမ်း
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုလည်း ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး မြို့တွင်း၌ ပစ်ခတ်သံများလည်း မကြားရတော့သည့်အပြင် လေကြောင်းမှ လာရောက်ဗုံးကြဲခြင်းများလည်းမရှိတော့ကြောင်း ဒေသခံများက Tachileik News Agencyကိုပြောသည်။

“တကယ်က လက်နက်ချသွားတာမဟုတ်ဘူး။ AAက တိုက်ပြီးသိမ်းလိုက်တာ။ အခုက မင်းပြားမြို့တွင်းမှာ ပစ်ခတ်တာတွေမရှိတော့ဘူး။ နယ်ဘက်မှာပဲ ဖြစ်နေတယ်။ သိမ်းလိုက်တာက သတင်းအမှန်ပါ။ မြို့ကိုလည်း AAက ထိန်းချုပ်လိုက်တာ သတင်းအမှန်ပါ။ မနေ့ကဘဲ သိမ်းတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် စစ်ကောင်စီတပ်၏ စကခ(၉) လက်အောက်ခံ ခမရ(၃၇၉)၊ ခမရ(၃၈၀)နှင့် ခမရ(၅၄၁)တပ်ရင်းများအပြင် မင်းပြားမြို့နယ် ကြာအင်းတောင်တွင် အမှတ် (၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၉)လည်းရှိသည်။ 

 

ယင်းအထဲမှ မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁) တပ်ရင်းတို့ကို ယမန်နေ့တွင် ထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ်(၉)တော့ကျန်သေးတယ်။ အခုအဲဒီမှာဖြစ်တော့မယ်လို့ AAဘက်ကပြောတယ်။ အဲဒီစခန်းက အမ်း-ရန်ကုန် အဝေးပြေးလမ်းပေါ်မှာရှိတာ။ မင်းပြားမြို့နဲ့ဆို နည်းနည်းတော့ ဝေးတယ်။ မြို့ကို AA ထိန်းချုပ်ထားပေမယ့် ပြန်ဝင်မရသေးဘူး။ ဒေသခံတွေက ရွာတွေဘက်ကို တိမ်းရှောင်နေကြရတာ။ မနေ့ကအထိ တိုက်ပွဲဖြစ်ပြီး လေယာဉ်တွေလာတယ်။ ဒီနေ့တော့ လေယာဉ်တွေ မလာတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

 

မင်းပြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း AAနှင့် နီးစပ်သူများကဆိုသည်။

#TachileikNewsAgency