ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၅၇၀)ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၅၇၀)ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်း
နိုဝင်ဘာ 20, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင် တရုတ်နိုင်ငံသား (၅၇၈)ဦးကို မြန်မာ - တရုတ်နယ်စပ်တွင် တရုတ်အစိုးရအား နိုဝင်ဘာလ (၁၉)ရက်နေ့က လွှဲပြောင်းပေးလိုက်ရာ ယခုကဲ့သို့ လွှဲပြောင်းပေးလိုက်သည့် တရုတ်နိုင်ငံသား လူဦးရေမှာ စုစုပေါင်း (၁,၀၁၇)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ဖြစ်သည့် တာချီလိတ်မြို့နယ်မှ တရုတ်နိုင်ငံသူ/သား (၁၄၀)ဦး၊ ကျိုင်းတုံမြို့နယ်တွင်းမှ တရုတ်နိုင်ငံသူ/သား (၃၈၅)ဦး၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား (၂၃)ဦး၊ မိုင်းဆတ်မြို့နယ်တွင်းမှ တရုတ်နိုင်ငံသား (၁၀)ဦး၊ မိုင်းပျဉ်းမြို့နယ်တွင်းမှ တရုတ်နိုင်ငံသား (၁၀)ဦး နှင့် မိုင်းယောင်းမြို့နယ်တွင်းမှ တရုတ်နိုင်ငံသူ/သား (၁၀)ဦး  စုစုပေါင်း (၅၇၈)ဦးကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့၏ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က အထူးဒေသ(၄)မိုင်းလား - တရုတ် နယ်စပ်ရှိ တာလော့စစ်ဆေးရေးဂိတ်ကနေ တဆင့် တရုတ်အစိုးရထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသူ/သား (၁၄၀)ဦးမှာ ကျားဖြန့်လုပ်ငန်းမှ အနည်းငယ်သာ ပါဝင်ပြီး လက်ရှိတွင် မြို့ခံစီးပွားရေးသမားအမည်ခံ လူတစ်စုနှင့် နယ်မြေခံတပ်တို့၏ အကာအကွယ်ဖြင့် ကျန်ရှိနေသေးသည်မှာ အများအပြားပင် ဖြစ်ကြောင်း သိရသည်။

"အခုတလော အဲ့ဒီ တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ရှမ်းမြောက်ဘက်မှာ အရမ်းလှုပ်ရှားလိုက်တော့ ရှမ်း(ရှေ့)ကလည်း အဖမ်းပြလာတယ်။ ရှမ်း(ရှေ့)မှာတော့ တာချီလိတ်မှာ အများဆုံးပဲ ဒါပေမဲ့ ဖမ်းမိတဲ့ အရေအတွက်နဲ့ဆိုရင် အများကြီး ကျန်သေးတယ်။ သူတို့ကို စစ်တပ်နဲ့နီးစပ်ပြီး ပြည်သူ့စစ်အမည်ခံထားတဲ့ လူတစ်စုက အကာအကွယ်ပေးထားတာပေါ့။ အဲ့လို လူတွေ အကာအကွယ် မပေးထားရင် ဒီတရုတ်တွေ အခုလို အတင့်ရဲပြီး လုပ်ရဲမှာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါဘဲ"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း တရုတ် - မြန်မာ နယ်စပ်ဒေသ နှင့် မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသများတွင် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်သည့် ကျားဖြန့်ဟု ခေါ်သော လုပ်ငန်းကို နည်းမျိုးစုံဖြင့် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများကို တရုတ်အစိုးရက ဖမ်းဆီးပေးရန် ပြောကြားရာမှ မြန်မာဘက်က ဖမ်းဆီးပြီး ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ကနေ  နိုဝင်ဘာလ(၁၉)ရက်နေ့အထိ တရုတ်အစိုးရထံ လွှဲပြောင်းပြီးသည်မှာ တရုတ်နိုင်ငံသူ (၈၂)ဦး နှင့် တရုတ်နိုင်ငံသား (၉၃၅)ဦး စုစုပေါင်း (၁,၀၁၇)ဦးအထိ ရှိကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို ယခုလို လွှဲမပြောင်းမီ ကျိုင်းတုံမြို့၌ ခေတ္တထိန်းသိမ်းထားစဉ်က ရဲနှင့်လဝက အပါအဝင် တပ်အရာရှိ အချို့က ငွေကြေးရယူပြီး လူစားလဲရန် နှင့် လွှတ်ပေးရန် ကြံဆောင်မှုများရှိခဲ့ကြောင်းလည်း သိရသည်။