ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက် 

ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက် 
စက်တင်ဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားရှိ သိမ်ကုန်းတာဝါတိုင်စခန်းမှ ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစခန်းမှ ထွက်လာသော အင်အား(၂၇)ဦးပါ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF)နှင့် Sniper တပ်ဖွဲ့၊ ပြည်ခရိုင် တပ်ရင်း(၃၆၀၂)၊ တပ်ခွဲ(၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် စစ်ကောင်စီတပ်များ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ ထွက်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာနေရာအား ရှင်းလင်းရေးလုပ်စဉ် မပေါက်ကွဲသေးသော (၆၀)မမကျည် (၂)တောင့်၊ အသုံးပြုပြီးသော (၄၀)မမ ကျည်ခွံများ၊ (၇.၆၂) ကျည်(၂)တောင့်နှင့် ကျည်ခွံများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency